ချင်းအမျိုးသားတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူ/သား ၄၀၀ ကျော်ရှိဟုဆို
(006SV)
လက်ရှိတော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်ကျောင်း ပေါင်း ၃၇၃ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၃၅, ၈၉၇ ဦး ပညာသင်ယူလျက်ရှိကြောင်း သိရ သည်။
၂၀၂၄ ခုနှစ်စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည့်အကြားတွင် ချင်ပြည်နယ်အနှံ့မှာ စာသင်ကျောင်းများ ပုံမှန်ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ကျေးရွာပေါင်း ၆၆၀ ကျော်ကို လွမ်းခြုံသော စာသင်ကျောင်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။
“ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံကျောင်းပေါင်း ၃၇၃ ကျောင်းဖွင့်လှစ်နိုင်ခဲ့တယ်။ အခုလည်း လက်ရှိ ဖွင့်နေပါ တယ်။ ကျောင်းသားကျောင်းသူအနေနဲ့ သုံးသောင်းခွဲကျော် ရှိပါတယ်။ ဆရာ၊ ဆရာမက သုံးထောင်ကျော်နဲ့ ဒီကျောင်း တွေကို လည်ပတ်နေတာ ဖြစ်တယ်။ အခုလက်ရှိမှာ ကျမတို့ အစိုးရအဖွဲ့အနေနဲ့က ငွေကြေး အများကြီး ထုတ်ပေးနိုင် တာ မရှိပါဘူး။ ပညာရေးဝန်ဆောင်မှု အားလုံးရဲ့ အများစုက ပြည်သူလူထုရဲ့ အားစိုက်ထုတ်မှုကနေ လာပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ Dr. Sharon Par က ပြောသည်။
ချင်းပြည်ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒနှင့် ပညာရေးမဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၅- ၂၀၂၃၀ ကိုလည်း ရေးဆွဲ ထားပြီး ပညာရေးလမ်းညွှန်မူဘောင်အဖြစ် ကျင့်သုံးနေသည်ဟု သိရသည်။
လက်ရှိမှာ ရပ်ရွာအခြေပြု ပြည်သူတရပ်လုံးက စုပေါင်းထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ဆရာ/မ လစာနှင့် အခြေခံ အဆောက်အဦး လိုအပ်ချက်များကို အဓိက ဖြည့်ဆည်းနေရပြီး ပညာရေးမှာ ဘဏ္ဍာငွေ ပိုသုံးစွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်မည်ဟု ချင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
လတ်တလောက်မှာ ချင်းအမျိုးသားတက္ကသိုလ် (CNU) တွင် ပညာရေးဌာန၊ ဥပဒေဌာန၊ နည်းပညာနှင့် အသက်မွေးဝမ်း ကျောင်းမှုဌာနတို့ ဖွဲ့စည်းထူထောင်ထားပြီး တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော် ပညာသင်ယူနေသည်ဟု သိရသည်။
“အခုလက်ရှိမှာ ကျမတို့က ချင်းအမျိုးသားတက္ကသိုလ်ဆိုပြီးတော့ အဆင့်မြင့်ပညာအတွက်လည်း သင်ကြားရေးတွေ စနေပါပြီ။ ၂၀၂၅ ကနေ စတင်ခဲ့တာပါ။ အခုဆိုရင် အဓိက မေဂျာ ၄ ခုနဲ့ သင်ကြားနေပြီ ဖြစ်ပါတယ်။ အခု လက်ရှိမှာ စကစရဲ့ တပ်ဖွဲ့တွေကနေ ကျမတို့ရဲ့ ကျောင်းတွေကို ဖျက်စီးပျက်ခဲ့တာကတော့ ၅၅ ခုအထိ ရှိပါတယ်။ သူတို့ရဲ့ လူမဆန်စွာ ပြုမှုနေမှုတွေကို မီဒီယာတွေ အနေနဲ့လည်း များများ ဖော်ပြဖို့လည်း လိုတယ်ဆိုတာ ကျမ တင်ပြချင် ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ Dr. Sharon Par က ပြောသည်။
တက္ကသိုလ် အကြိုသင်တန်းကျောင်းများကို ချင်းပြည်နယ်က မြို့နယ်နှင့်ဒေသ ၅ ခုမှာ ဖွင့်လှစ်ထားပြီဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ်က ကျောင်းသူ၊ ကျောင်းသားအနေဖြင့် အဆင့်မြင့်ပညာရပ်များကို အိမ်နီးချင်းနိုင်ငံများတွင် ဆက်လက် သင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ၊ တက္ကသိုလ်များနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေသည်ဟု ချင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ချင်းပညာရေးဝန်ကြီးဌာန၏ တချို့စာသင်ကျောင်းများကို ကွင်းပြင်များ၊ အများပြည်သူ အသုံးပြုသော အဆောက်အဦး နေရာများနှင့် ပုဂ္ဂလိက နေအိမ်များတွင် ဖွင့်လှစ်သင်ကြားနေရပြီး စာသင်ကျောင်းများ တည်ဆောက်ရေးအတွက် လုံလောက်သော ဘဏ္ဍာငွေ မရှိဖြစ်နေသည်ဟု သိရသည်။
ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများ၊ အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ချင်းပြည် (Chinland) ပညာရေးအတွက် ဘက်ပေါင်းစုံမှ ပါဝင်ပံ့ပိုးကူညီကြရန် ချင်းပြည်ပညာရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

