CGF ဖွဲ့စည်းနိုင်ရေး ကျပ်သိန်းပေါင်း တစ်သောင်းခန့် သုံးစွဲရန် လျာထားဟု ဆို
(006SV)
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs)တို့ကို စုစည်းပြီး ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
ချင်းပြည်အစိုးရတပ်ဖွဲ့ (Chinland Government Force ) ကို ချင်းပြည်အစိုးရ၊ ချင်းကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲ စီမံသွားမည်ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung ထံမှ သိရသည်။
“ကျနော်တို့ CDF တွေက ပရော်ဖက်ရှင်နယ်တပ်မတော် မဟုတ်ဘူး။ လခစား၊ ထောက်ပံ့ကြေးရပြီး လုပ်တဲ့ လူတွေ မဟုတ်ဘူး။ ကျနော်တို့က ခဏတာအတွက် တပ်မတော်ကို မေတ္တာစေတနာနဲ့ စစ်တိုက်ပေးတာပဲ ရှိတယ်။ ဒါက ၃/၄/၅ နှစ်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် အခုက ၅ နှစ်ကျော်ပြီဆိုတော့ အဆင်မပြေတော့ဘူး။ အဆင်မပြေတော့ဘူး ဆိုတာလည်း ကျနော်တို့ သိတယ်။ CNA မှာ ဝင်ပါဆိုလည်း သူတို့က မဝင်ချင်ကြဘူး။ မဝင်ချင်တာလည်း အပြစ်တင်လို့ မရဘူး။ ဒါဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အိပ်ယာလေးကိုတော့ မထားခဲ့ချင်ကြဘူး။ အဲဒါက လူ့သဘောသဘာဝပါ။ ကိုယ်ဆရာကြီး လုပ်ရတဲ့ နေရာ မရှိတော့ရင် ဒါက ဝမ်းနည်းစရာ ကောင်းသလို ပျင်းစရာလည်း ကောင်းတယ်လို့ သူတို့ ထင်မှာ။ တချို့က စစ်နိုင်ချင်လို့ CDF ဖွဲ့တာလည်း ရှိမယ်။ တချို့က CDF လေး ရှိလို့ ပါဝါတွေ ရနိုင်တယ်လို့ တွေးတာ လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ဆိုတော့ CNA မှာ တခါတည်းနဲ့ ဝင်လို့က အဆင်မပြေတဲ့အတွက် ကျနော်တို့က ချင်းပြည်အစိုးရတပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းထားတယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။
Chinland Government Force ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့မှ စေလွှတ်သော ချင်းတော်လှန်ရေး ရဲဘော်များဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ချင်းပြည်အစိုးရအဖွဲ့က တိုက်ရိုက်ထောက်ပံ့ခြင်း၊ လစာပေးခြင်း ပြုလုပ်သွားမည်ဟု သိရသည်။
ချင်းအင်အားစုများက ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို ဖွဲ့စည်းခြင်းသည် “One Command၊ One Army၊ One Budget” ဖြင့် သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းသို့ သွားနိုင်ရေးအတွက် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ တွင်လည်း ပြဌာန်းထားသည်ဟု သိရသည်။
“ချင်းပြည်၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဒီမိုကရေစီစနစ်နှင့်အညီ အရပ်သားအုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ခိုင်မာအားကောင်းသည့် တစ်ခုတည်းသော တပ်မတော်ကို ဖွဲ့စည်းနိုင်ရန် မူဝါဒ ချမှတ်ဆောင်ရွက်ရမည်” ဟူ၍ ပုဒ်မ ၂၀ တွင် ပြဌာန်းထားသည်။
လတ်တလောတွင် ချင်းပြည်အစိုးရတပ်ဖွဲကို ဖွဲ့စည်းနိုင်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းခန့် သုံးစွဲရန် လျာထားပြီး Chinland Government Force စစ်ယူနီဖောင်းများလည်း ပြင်ဆင်နေသည်ဟု သိရသည်။
“Chinland Government Force ဆိုတာ CDF မဟုတ်တော့ဘူး။ CDF က လွှတ်ထားတဲ့ ရဲဘော်တွေကို ချင်းပြည် အစိုးရက တိုက်ရိုက်ထောက်ပံ့ပြီးတော့မှ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်တာကို ဆိုလိုတာ။ ထိုနည်းလည်ကောင်းပဲ CNA ကလည်း သူတို့လည်း လာတယ်။ CNA က လာတဲ့ လူတွေဟာလည်းပဲ တိုက်ရိုက်၊ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီးတော့မှ ချင်းပြည်အစိုးရက ထောက်ပံ့မှာ၊၊ ချင်းပြည်အစိုးရက လစာပေးသွားမှာပါ။ အခုတောင် သိန်းပေါင်းတစ်သောင်းလောက် ချင်းပြည်အစိုးရက စိုက်ထုတ်လိုက်ပြီ။ အခွန်ငွေကနေ။ ကျန်တဲ့ အလှူငွေကနေ စုပြီး လုပ်လိုက်ပြီ။ သူတို့မှာ ယူနီဖောင်း သီးသန့် ရှိပြီ။ ယူနီဖောင်း Chinland Government Force သီးသန့်ရှိတယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။
ချင်းပြည်တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို ဦးစားပေး ဖွဲ့ရမည်ဟူ၍ ခံယူကာ ချင်းကာ ကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားမှုများ ရှိနှင့်ပြီဖြစ်သည်ဟု သိရသည်။
တဖက်တွင် CGF ဖွဲ့စည်းနိုင်ရေးအတွက် တပ်ဖွဲ့ဝင်များ မစေလွှတ်သေးသော ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့လည်း ရှိနေကြောင်း၊ ယင်းပြဿနာမှာ ချင်းလဲန်းကောင်စီ လက်အောက်ခံ အဖွဲ့ဝင်တချို့ကြား ကတောက်ကဆတချို့ ရှိနေ၍ ဖြစ်ကြောင်း သိရသည်။
ချင်းအမျိုးသားတော်လှန်ရေးအတွင်း စနစ်တစ်ခုကို တည်ဆောက်နေခြင်းဖြစ်၍ Chinland Government Force ကို ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီကြရန်လည်း တိုက်တွန်းထားသည်။
“အခုက စနစ်တည်ဆောက်တယ်။ Chinland Government Force ဖြစ်မယ်။ လခပေးမယ်။ Professional Army ဖြစ်တော့မယ်။ အခုက ငါးသောင်းပေးတယ်။ နောက်တစ်သိန်းပေးမယ်။ နောက် တစ်သိန်းငါးသောင်းပေးမယ်။ နောက် နှစ်သိန်းပေးမယ်။ အဲဒီလို ကျနော်တို့ သွားမယ်။ ဖြစ်နိုင်ရင်တော့ CGF ကို ချင်းပြည်အစိုးရကာကွယ်ရေး တပ်ဖွဲ့တွေ အကုန်လုံး ပြန်စုစည်းပြီးတော့မှ CNA ရှိမယ်၊ CGF ရှိမယ်။ CNA နဲ့ CGF ကောင်းကောင်း လက်တွဲမယ်ဆိုရင် စစ်လည်း နိုင်မယ်။ ပြဿနာလည်း နည်းမယ်။ နောက်တချိန် နိုင်ငံကောင်းတဲ့ အချိန်မှပဲ Army တစ်ခု နာမည် ပြောင်းရမယ်။ Chinland Army ခေါ်မလားပေါ့။ စုစည်းနိုင်တဲ့ အဆင့်ကနေ အရင် စုစည်းတဲ့အတွက် Chinland Government Force ကို ဦးစားပေးပါ။ ထောက်ပံ့ပါ။ CNA ကို ထောက်ပံ့ပါ။ ဒီနှစ်ခုကိုပဲ ထောက်ပံ့မှပဲ စစ်လည်း နိုင်မယ်။ ပြဿနာလည်း နည်းမယ်။ ချင်းပြည်စုစည်းနိုင်မယ်။ တိုးတက်မယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။
လက်ရှိမှာ ချင်းတော်လှန်ရေးအင်အားစုများသည် CDF အနေဖြင့် ရပ်တည်လာမှုသည် ငါးနှစ်ရှိလာပြီဖြစ်ပြီး CDF အနေဖြင့် ဆက်သွားရင်း ပြဿနာပေါင်း များစွာ ထပ်မံကြုံတွေ့ရနိုင်ပြီး လက်နက်ကိုင် အာဏာရှင်သစ်တွေ ပေါ်ထွက်လာနိုင်သည်ဟု ၎င်းက ပြောသည်။
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDFs) ၁၉ ဖွဲ့ ရှိသည်ဟု သိရသည်။

