ရေး – ဆလိုင်းကျော်အောင်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် နေ့သည် ULA/AA မှ ချင်းပြည်၊ပလက်ဝမြို့နယ်တစ်ခုလုံး ၏ စစ်ကော်မရှင် စခန်းကြီးငယ်များနှင့် အုပ်ချုပ်ရေးယန္တရားအလုံးစုံကို ချုပ်ငြိမ်းစေနိုင်သည့် နေ့တစ်နေ့ဖြစ်သည်။ ULA/AA သည် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်၊ပြိုင်စိုကျေးရွာတွင် စကမနှင့်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ သည်။ ဆယ်စုနှစ်တစ်ခု စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ ဒေသခံလူထုအနေဖြင့် စစ်ကို ခါးသီး စွာ ဖြတ်သန်းနေရသည်။ အသက်နှင့်ကိုယ်လက်အင်္ဂါပေးဆပ်ရသူလည်း မနည်းလှပေ၊နေရပ်စွန့် ခွါရသူထဲတွင် ခူမီး (ချင်း) လူမျိုး နှင့် ချင်းမျိုးနွယ်စုများသည် အများဆုံးဖြစ်ခဲ့ရသည်။
ပလက်ဝမြို့နယ်သည် ချင်းမျိုးနွယ်စုဝင်အများဆုံးနေထိုင်သည့် နယ်မြေဒေသဖြစ်ပြီး ရခိုင်လူမျိုးနှင့်မ တူသည့် သီးခြားဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ကိုယ်ပိုင်နယ်နိမိတ်တို့ဖြင့် လွတ်လပ်သော ပလက်ဝနယ်မြေကို အင်္ဂလိပ်တို့က (The Arakan Hills Civil Justice Regulation – 1874-76 ) ၊ ရခိုင်တောင်တန်း တရားမဥပဒေ -၁၈၇၄-၇၆ နှင့် (Arakan Hills Regulation Act – 1916) ရခိုင်တောင်တန်း နည်းဥပဒေ-၁၉၁၆ ကို ပြဌာန်းကာ အုပ်ချုပ်ရေးကို လည်ပတ်စေခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးကို လက်မခံသည့် ခူမီး(ချင်း)မျိုးချစ်ခေါင်းဆောင်များဖြစ်သည့် တောင်မင်းဆိန်ဒါ(တတ္တူးစို)နှင့် တောင်မင်းဆပန် (နင်မ်းလောက်)တို့ ဦးဆောင်၍ တင်းမကျေးရွာ(ယခု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းပါဝင်) မှ စတင်ခုခံတိုက်ပွဲဝင်ခဲ့သည့် သမိုင်းသက်သေများလည်းရှိသည်။ ၁၈၇၄-၇၆ မှ ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်ထိ နှစ်ပေါင်း ၇၀ကျော် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည်။
သီးခြား လွတ်လပ်သော ပလက်ဝသည် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအပြီး တောင်တန်းဒေသစုံစမ်းရေး ကော်မတီက ကြားနာမေးမြန်းစဉ် ပလက်ဝ ကိုယ်စားလှယ်များက မြန်မာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးရ
ယူလိုကြောင်း၊ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် နေလိုကြောင်းကို ထွက်ဆို ခဲ့သည်။ ထိုသို့ ပလက်ဝမြို့နယ်သည် ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေအရ ချင်းဝိဒေသတိုင်း၊ ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ နှစ်မကြာ ပြည်တွင်းစစ်တောက်လောင်ခဲ့ရ သည် ၁၉၆၇ ခုနှစ်၊ ဧပြီ ၉ ရက်တွင် စတင်ဖွဲ့စည်းသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်ပြည်တပ်မတော်(AA)၊ ၁၉၈၈ မတ်လ၂၀ရက်မှာ စတင် ဖွဲ့စည်းသည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ၂၀၀၉ခုနှစ်၊ဧပြီ (၁၀)ရက်တွင် စတင်ဖွဲ့စည်းပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သော (ULA/AA) တို့ သည် ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားခဲ့သည်။ ပလက်ဝမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ နှင့်စစ်အာဏာရှင်တို့ အကြား စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေလည်းဖြစ်ခဲ့ရသည်။
အုပ်ချုပ်ရေးအသစ်နှင့်ပလက်ဝ
ပလက်ဝသည် ချင်းပြည်နယ်၏ နယ်မြေအစိပ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးယန္တရားတို့သည် တရားဝင် အသက်ဝင်စေသည်။ လမ်းပန်းဆက်သွယ် ရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးမှုကြောင့် တချို့အုပ်ချုပ်ရေးလုပ်ငန်းထဲမှ ဌာနဆိုင် ရာအချို့ကိုမူ နီးစပ်သည့် ရခိုင်ပြည်နယ်မှာ တွဲလျက် လုပ်ငန်းအကောင်အထည်ဖော်ခဲ့ရသည်။ “ISP-Myanmar ၏ အစီရင်ခံစာအရ ၂၀၁၈-၁၉ခုနှစ် မှစ၍ ULA/AAသည် ၎င်းတို့ထိန်းချုပ်နိုင်သည့် နယ်မြေဒေသတွင် (ပလက်ဝ)အပါအဝင် ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးလုပ်ငန်းကို စတင်အကောင် အထည်ဖော်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်၊နောက်ပိုင်း တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့(APRG)ကို ဖွဲ့စည်းပြီး ၂၀၂၅ခုနှစ်၊မေလ မှစတင်၍ ရခိုင်ပြည်နယ်နှင့်ချင်းပြည်၊ပလက်ဝမြို့နယ်အပါအဝင် ခရိုင်(၈)ခုဖြင့် အုပ်ချုပ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။”
၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကံကြမ္မာသည် စစ်အာဏာရှင်မှ တိုင်းပြည်အာဏာကို သိမ်းယူခြင်း အဖြစ်ဆိုးကို ထပ်မံကြုံတွေ့ရသည်။ အာဏာသိမ်းမှုနောက်ပိုင်း ပလက်ဝတစ်မြို့နယ်၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်သည့်အဖွဲ့ကို ဖော်ပြရလျှင် Paletwa Council – PC ၊ Maraland Territorial Council – MTC ၊ Daai Regional Council- DRC နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ – APRG တို့ဖြစ်သည် မြို့နယ် နယ်မြေအများစုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေးဖော်ဆောင်သည်။ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးမည်ဟု အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြေကြားခဲ့သည် စာရေးသူ အနေဖြင့် ဗဟိုဦးစီး စနစ်၏ အားနည်းချက်၊အားသာချက်ကို ထောက်ပြမည်မဟုတ်သော်လည်း ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးမ ဟုတ်သည့် မျိုးနွယ်စုများရှိခဲ့သလို၊ ချင်းပြည်၊ပလက်ဝမြို့နယ်အတွင်းမှာဆိုရင် လူဦးရေအများစုမှာ ချင်းမျိုး နွယ်စုဝင်များဖြစ်ကြသည် ပလက်ဝမြို့နယ်သည် ချင်းပြည်၏ နယ်မြေအစိပ်အပိုင်းဖြစ်သည်နှင့်အညီ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ အုပ်ချုပ်ရေးအစားထိုးခြင်းသည် ရေရှည်အတွက် လုံးဝသင့်တော်မည်မဟုတ် သလို၊ချင်းပြည်သူများ၏ ဆန္ဒလည်း လုံးဝမဟုတ်ပါ။ လက်ရှိအချိန်တွင် မြို့နယ်အတွင်း ချင်းလူထုအများစု သည် တစ်နေ့တစ်ခြား မိမိနေရပ်ကို စွန့်ခွါ၍ ထွက်ပြေးနေကြရသည့် နောက်ခံအကြောင်းရင်းတစ်ခုမှာ ULA/AA အုပ်ချုပ်ရေးကို လက်မခံနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး စစ်နိုင်လို့အုပ်ချုပ်တယ်၊လုံခြုံရေးကို အကြောင်းပြပြီး အုပ်ချုပ်ရေးလုပ်တယ် ဆိုရင် ဒေသခံချင်းလူထု၏ ဆန္ဒကို လျစ်လျူရှူရာရောက်သလို၊ ရေရှည်မှာ ရခိုင်လူမျိုး နှင့်ချင်းလူမျိုးကြားမှာ မလိုလားအပ်သည့် ပြဿနာဖြစ် ပေါ်လာနိုင်တဲ့အတွက် ခေါင်းဆောင်များအနေဖြင့် ပလက်ဝအုပ်ချုပ်ရေးကို အထူးအလေးအနက်ထားရန် လို အပ်သည်။
ULA/AA အောက်ခြေ တပ်မှူးနှင့်ရဲဘော်တွေ ဘာတွေပြောခဲ့လဲ
၂၀၁၅ ခုနှစ်မှစ၍ ပလက်ဝမြို့နယ်အတွင်း စစ်ရေးအရလှုပ်ရှားနေစဉ် ULA/AAတပ်မှူးနှင့်ရဲဘော်များ သည် ခူမီး(ချင်း) လူထုများကို “ ပလက်ဝနယ်မြေသည် ရခိုင်ပြည်ပိုင်နက်နယ်မြေဖြစ်ကြောင်းနှင့်လူထု လက်ခံရန် ခက်ခဲသည့် စကားအသုံး အနှုန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုရှိခဲ့သည်။ ထိုအချက်အလက် များကြောင့် ခူမီး(ခမီး)အမျိုး သားပါတီ (KNP) မှ ၂၀၁၉ ဇန်နဝါရီလ(၂၄)ရက်စွဲ့ဖြင့် လုံးဝဆန့်ကျင်ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်သည်။ ထို့အတူ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုကို လက်မခံသည့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် ချင်းလူမှုအဖွဲ့အစည်း အသီးသီးကလည်း ဆန့်ကျင်ကန့်ကွက်မှုနှင့် ဆန္ဒဖော်ထုတ်မှုများလည်း ရှိခဲ့ဖူးသည်။ ဆိုရှယ်မီဒီယာမှာ ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ လှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချို့ဖောက်မှုကို ဒေသခံ ခူမီး(ချင်း)မှ ရေးသားပြောဆိုတိုင်းတွင် အမုန်းတရားကို ဖန်တီးခြင်း၊ တော်လှန်ရေးကို ဟန့်တားခြင်း၊အာဏာရှင်အကြိုက် လုပ်ပေးခြင်းနှင့်သတင်းမှားသာဖြစ်ကြောင့် အမျိုးမျိုးတုန့် ပြန်လျက်ရှိသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရသည်။ ရခိုင့်တော်လှန်ရေးအဆက်ဆက်အတွက် ပလက်ဝခူမီး(ချင်း) လူထုများ၏ အဖိုးအခဖြတ်၍ မရနိုင်သော ပေးဆပ်မှုလည်း များစွာရှိသည် နောက်ဆုံး ULA/AA ၏ ပလက်ဝမြို့ နယ်အတွင်း တိုက်ပွဲများတွင် နောက်ကနေ ထောက်ပို့အဖြစ် လုပ်ပေးခဲ့သည်အထိ ပေးဆပ်ရပ်တည်ပေး လျက်ရှိသည်။
အကြောက်တရားအောက်မှာ အသက်ရှင်ရသည့် ပလက်ဝပြည်သူ
ဆယ်စုနှစ်တစ်ခု ပလက်ဝမြို့နယ်အတွင်း ULA/AA နှင့် စစ်အာဏာရှင် နှစ်ဖွဲ့စလုံးသည် ခူမီး(ချင်း) လူမျိုးများအပေါ် လူ့အခွင့်အရေးချို့ဖောက်မှုပြောင်ပြောင်တင်းတင်းရှိခဲ့သည်။ လူ့အခွင့်အရေးချို့ဖောက်မှုနှင့် ဆက်စပ်၍ ဒေသခံပြည်သူများမှတဆင့် သက်ဆိုင်ရာသို့ သတင်းပေးခြင်းနှင့်နိုင်ငံတကာသိရှိနိုင်ရန် ဆောင် ရွက်ပါက နှစ်ဖွဲ့စလုံးမှာ လုံးဝ ချို့ဖောက်မှုမရှိသလိုပင် အမျိုးမျိုးလိမ်လည်၍ တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြစ်တင်နေကြ သည် ထိုဖြစ်ရပ်ကို ဒေသခံလူထုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်။ တော်လှန်ရေးကာလ ပြောရန် စော နေသော်လည်း တော်လှန်ရေးအလွန် ဒေသခံပြည်သူများအနေဖြင့် တရားမျှတမှုရရှိရန် လိုလားသည်။ ပလက်ဝ မြို့နယ်အတွင်း စစ်အာဏာရှင် ကင်းစင်ပြီးနောက် ခူမီး(ချင်း)လူထုများသည် အကြောက်တရားနှင့်လူ့အခွင့်အ ရေးချိုးဖောက်မှုမှ လွတ်ကင်းပြီလားလို့ မေးရင် မလွတ်ကင်းဘူးလို့ ဖြေရပါမည်၊ တော်လှန်ရေးအစောပိုင်းတွင် အမျိုးမျိုးခြိမ်းခြောက်ခြင်း၊မတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်းများ ကြုံတွေ့ရသည်မှာ သက်သေပင်ဖြစ်၍ ယနေ့အချိန်ထိ ခူမီး(ချင်း)လူထုများသည် ULA/AA အကြောင်းဆိုရင် ထောက်ပြဆွေးနွေးရန် ကြောက်နေရတဲ့ စိတ်ဒဏ်ရာရရှိနေပြီလို့တောင် ပြောရမှာပါ။ စာရေးသူအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏ ပုံရိပ်ကို ကျဆင်းစေလိုသည့် ဆန္ဒလုံးဝမဟုတ်ပါ ဖြစ်စဉ်တိုင်းမှာ ခိုင်မာသည့် သက်သေအထောက်အထားများရှိ၍ပင် ဖြစ်ပြီး လူမျိုးတစ်မျိုးနှင့်အပြန်အလှန် လူ့ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံဖို့ အချိန်မနှောင်းသေးသည်ကို သ တိ မူနိုင်ရန် ဖြစ်သည်။
ကျွန်းသစ်နှင့်သစ်မာ ကုန်နေပြီလား
ပလက်ဝမြို့နယ်သည် နယ်မြေဧရိယာနှင့်သစ်တောထူထပ်သည့် ဒေသတစ်ခုဖြစ်သည် အာရက္ခပြည် သူ့တော်လှန်ရေးအစိုးရ ပလက်ဝခရိုင်အဆင့်သတ်မှတ်၍ အုပ်ချုပ်ရေးအကောင်အထည်သည်နှင့်အညီ လုပ်ပိုင် ခွင့်အာဏာသည် အစိုးရထံမှ ဆင်းသက်စမြဲဖြစ်သည်၊ မြို့နယ်အတွင်းမှ ကျွန်းသစ်နှင့်သစ်မာ ထုတ်ယူမှုသည် တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိသည် ဒေသခံလူထုများ အနေဖြင့် ဘာမှပြောစရာအာဏာမရှိတဲ့အချိန် ကာလ ဖြစ်နေပြီ ဘယ်သူ့ကိုပြောရမလဲ၊ဘယ်သူ့ထံတိုင်ရမလဲ၊ တိုင်ကြားရင် တိုင်ကြားသူသည် လုံခြုံမှုရရှိနိုင် မလား ဆိုသည့် စဉ်းစားရင်း အဖိုးတန် ကျွန်းသစ်နှင့်သစ်မာ ကုန်လုနီးနေပြီ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနမှာ တာဝန်ရှိစေမလား၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ တာဝန်ရှိစေမလား ဆိုသည် ထက် ပလက်ဝဒေသခံပြည်သူလူထု၏ ဆန္ဒမှာ တော်လှန်ရေးကာလအတွင်း ပလက်ဝမြို့နယ်အတွင်းမှ အဖိုး တန် ကျွန်းသစ်နှင့်သစ်မာကို လုံးဝမထုတ်ယူရန် မေတ္တာရပ်ခံလိုသည်။
ဘာသာစကားနှင့်စာပေ
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အာရက္ခအမျိုးသားညာရေးဌာနမှ ၁၂တန်းအတွက်၊ ရခိုင်စာပေဖြင့် အစား ထိုးသင်ကြားနိုင်ရန် လုပ်ဆောင်မှုအပေါ် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဒေသခံ ခူမီး(ချင်း)လူထုနှင့်ချင်းအသိုင်းအ ဝိုင်းက ၂၀၂၆ခုနှစ်၊စက်တင်ဘာလအတွင်း ကန့်ကွက်မှုများရှိနေသည်။ ဒီလိုဖြစ်ရပ်မျိုးသည် အခုမှမဟုတ်လာ သည်ကို သိရှိရန်လိုအပ်မည်ဖြစ်သည် ယခင်နှစ်များတွင်လည်း ကျောင်းတိုင်းနီးပါးတွင် ရခိုင်ဆရာ/မ အစားထိုး သင်ကြားရေးကို အကောင်အထည်ဖော်ရာတွင် ရခိုင်ဘာသာစကားဖြင့်သင်ကြားခြင်း၊ရခိုင်အမျိုးသားအလံ အား အလေးပြုခြင်းနှင့်ရခိုင်ဘာသာစကားကိုသာအသုံးပြုရမည်ဟု တရားဝင် ထုတ်ပြန်ချက်မျိုးမထုတ်သော် လည်း မြေပြင်မှာ လက်တွေ့ ရခိုင်ဘာသာစကားနှင့်စာပေလွမ်းမိုးရေးသည် တစ်ဖြည်းဖြည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ လက်ရှိ ပလက်ဝမြို့နယ်မှာ ခူမီး(ချင်း) ကျောင်းဆရာ/မ မရှိသလောက် ဖြစ်နေချိန်မှာ “ ဦးခိုင်သုခ သည် သူ့ရဲ့ လူမှုဆိုရှယ်ဖြစ်သည့် Telegram စာမျက်နှာတွင် ၁၂တန်းအတွက် မြန်မာ စာနှင့်ရခိုင်စာ နှစ်ခုထဲက တစ်ခုရွေးချယ်လို့ရတယ်” ဟု ဖော်ပြခဲ့သည် ထိုသို့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး၏ ရှင်းလင်းချက်သည် လက်တွေ့ဖြစ်လာမည်မဟုတ်ကြောင့် မှတ်ချက်ပြုလိုသည်။ အာရက္ခအမျိုးသားပညာရေး ဌာနမှ အကောင်အထည်ဖော်သည့် ပညာရေးစနစ်ထက် ချင်းပြည်/ချင်းလဲန် ပညာရေးစနစ်ကိုသာလူထုက လို လားကြခြင်းဖြစ်သည်။
ပလက်ဝအရေးနှင့်အကြံပြုချက်
နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ULA/AA ခေါင်းဆောင်အနေဖြင့် ပလက်ဝအရေးနှင့်ပါတ်သက်၍ တော်လှန်ရေးအစောပိုင်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်း၊အင်တာဗျူးဖြေဆိုပြောကြားရာတွင် “ ပလက်ဝ နယ်မြေကိစ္စနှင့်ရခိုင်ပြည်ထဲရှိ ချင်းလူမျိုးအရေးကို အထူးအလေးထားကြရန် ” နှင့် “စစ်ရေးအရ အရအရေးပါ သည့် နေရာဖြစ်သည်” ဟု ထည့်သွင်းပြောဆိုဖူးသည်။ ခေါင်းဆောင်များအနေဖြင့် ပလက်ဝဒေသခံ ခူမီး(ချင်း) နိုင်ငံ ရေးဦးဆောင်အဖွဲ့များနှင့်တွေ့ဆုံဆက်ဆံရေးသည် အရေးကြီးလိုအပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး၊ ပို၍ ကျယ်ပြန့် သည့် ဒေသခံ ခေါင်းဆောင်အလွှာများနှင့်တွေ့ဆုံဆက်ဆံရေးလည်း လုပ်ရမည်ဖြစ်သည်။ ထို့အတူ အိမ်နီးချင်း ချင်းနှင့်ရခိုင် အရေးသည် မတွေ့ဆုံမဆက်ဆံလို့မရတဲ့ နယ်မြေဒေသ၊လူမျိုးဖြစ်သည့်အတွက် ချင်းနိုင်ငံရေး အင်အားစုများနှင့်အလေးအနက်ထား တွေ့ဆုံဆက်ဆံရေးဖြင့် လက်ရှိနှင့်အနာဂတ်ကို တည်ဆောက်ရမည်ဖြစ် သည်။
၂၀၂၆ခုနှစ်၊သြဂုတ်လ ၁၆ရက်မှာ Global Arakan Network ဆိုရှယ်မီဒီယာ Page တစ်ခုတွင် “ပလက်ဝဒေသ- ရခိုင်လူမျိုးတို့၏ ဘိုးဘွားပိုင်မြေ” ဆောင်းပါးရှင် အမည်မဖော်ပြဘဲ Post တင်ထားသည်ကို ဖတ်ရှုရသည်၊ အတွေးထဲဝင်သည်မှာ ချင်းလူမျိုးနှင့်ရခိုင်လူမျိုးတို့ကြား မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှု ကို ဖြစ်စေခဲ့သလို၊ အငြင်းအခုံဖြစ်ပွားစရာ ဖြစ်စေသည့်အတွက် အဖိနှိပ်ခံတိုင်းရင်းသားအချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်စရာထက်၊ ပို၍ နီးလျက်နှင့်ဝေးစေနိုင်တဲ့ အရေးအသားဖြစ်သည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ဂုဏ်သိက္ခာရှိရှိ အပြန်အလှန် လေးစားတန်ဖိုးထားသည့် ပတ်ဝန်းကျင်ကို ဖန်တီးကြရန် အခွင့် ကောင်းနှင့်အရေးကြီးသည့် အချိန်အခါလည်းဖြစ်သည်။
(မှတ်ချက်။ “ဤဆောင်းပါးပါ အမြင်နှင့် သဘောထားများသည် စာရေးသူ၏ ကိုယ်ပိုင်အာဘော်သာ ဖြစ်သည်။”)

