(006SV)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် Lamzang နှစ်ခြင်းအသင်းတော်၏ သင်းအုပ် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းအတွက် အမေရိကန်အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် Burma Research Institute (BRI) က တောင်းဆိုလိုက်သည်။
အဆိုပါ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ BRI က စက်တင်ဘာလ ၁၇ ရက်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရန်နှင့် အစိုးရအဖွဲ့ထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူသားမျိုးသားနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် အမေရိကန်သမ္မတ ထရမ့်အနေနဲ့ သတ်မှတ်သင့်ပါတယ်။ သင်းအုပ်ဆရာတော်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို ချက်ချင်း ခြွင်းချက် မရှိ ပြန်လွှတ်ပေးနိုင် ရေးအတွက် အာဏာသိမ်းစစ်တပ်ကို အိမ်ဖြူတော်အနေနဲ့ ဖိအားပေးသင့်ပါတယ်” ဟု BRI ဥက္ကဌနှင့် CEO ဖြစ်သူ Pu Zo Tum Hmung က ပြောသည်။
သိက္ခာတော်ရဆရာတော် Rev. Dal Thawn Tuang သည် မိတ်ဆွေတစ်ဦးနှင့် တွီးတော့ကျေးရွာကို အသင်းတော်ကိစ္စ ကူညီဆောင်ရွက်ပေးရန် သွားရောက်ခဲ့ပြီးနောက် Lamzang ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်တံတားအနီးတွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
သင်းအုပ်ဆရာတော်၏ ရုပ်အလောင်းကို စစ်ဆေးကြည့်ရာ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်ကို ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်တို့မှာ တွေ့ရှိရပြီး ယင်းအခြေအနေသည် မတော်တဆ ကျည်ထိမှန်ခြင်း မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တီးတိန်မြို့နယ်တွင် PDF- Zoland က ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာလ ၁၃ ရက်က တာဝန်ကျအစောင့်ကို ရိုက်နှက်၍ လက်နက်ခဲယမ်းများဖြင့် ထွက်ပြေးခဲ့ကြောင်း၊ PDF – Zoland က လိုက်လံရှာဖွေ ဖမ်းဆီးရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေခဲ့ရာ စက်တင်ဘာလ ၁၄ ရက်မှာ ကပ်တဲလ်တံတားအနီးတွင် စစ်သုံ့ပန်းများက အဆိုပါသင်းအုပ်ဆရာတော်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများနှင့် PDF- Zoland ထံမှ သိရသည်။
Lamzang ကျေးရွာရှိ Lamzang နှစ်ခြင်းအသင်းတော်တွင် ၂၂ နှစ်တိုင် အမှုတော်ထမ်းခဲ့သော အသက် ၄၉ နှစ်အရွယ် Rev. Dal Thawn Tuang သည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးချိန်တွင် ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
၎င်း၏ ဈာပနအခမ်းအနားကို တီးတိန်မြို့မှ ၅ မိုင်ခွဲခန့်အကွာအဝေးရှိ Lamzang ကျေးရွာတွင် စက်တင်ဘာလ ၁၆ ရက်က ကျင်းပခဲ့သည်ဟု သိရသည်။
Rev. Dal Thawn Tuang သေဆုံးမှုနှင့်ပတ်သက်၍ Lamzang နှစ်ခြင်းအသင်းတော်အပါအဝင် တီးတိန်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (TBC) က စက်တင်ဘာလ ၁၆ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ထားသည်ဟု သိရသည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်မှစတင်၍ အာဏာသိမ်းစစ်တပ်သည် ခရစ်ယာန်ဘုရားကျောင်းနှင့် အဆောက်အအုံ ၃၄၃ ခုကို ပျက်စီးခြင်း၊ ဖျက်စီးခြင်း ပြုလုပ်ခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာဝင် ၁၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၁၈ ဦးကို အကျဉ်းချထားကြောင်း သိရသည်။
လက်ရှိပဋိပက္ခကာလအတွင်း ချင်းပြည်နယ်မှာ ဘာသာရေးခေါင်းဆောင် နှင့် သင်းအုပ်ဆရာ ၁၇ ဦးတို့လည်း သေဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ (ICA) က ထုတ်ပြန်ထားသည်။

