(006SV)
ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/ CNDF ၏ ကလေးမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင် စစ်ရေးလှုပ်ရှားသော CNDF ၊ တပ်မဟာ ၄ (Upper Chindwin Region – UCR) မှ တပ်ဖွဲ့ဝင် အများအပြားသည် အာဏသိမ်းစစ်တပ်နှင့် ပူးပေါင်း သွားသည်ဟူ၍ သတင်း များ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း CNO ယာယီဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအခြေစိုက် CNO/ CNDF ၊ တပ်မဟာ – ၄ မှ တပ်ဖွဲ့ဝင် ၄၀ ခန့်သည် အောက်တိုဘာလ ၂၇ ရက်က စစ်တပ်နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် နေခြင်းဖြစ်သည်။
“(တပ်မဟာ – ၄ တပ်ဖွဲ့ဝင် အင်အားတွေ ပူးပေါင်းသွားတာ) အဲဒါက မဟုတ်ပါဘူး။ သတင်းက မဖြစ်နိုင်တာပါ၊၊ ဥပမာအနေနဲ့ ပေါ့နော်၊၊ တစ်ယောက်စ ၊ နှစ်ယောက်စ ထွက်ပြေးပြီးမှ စကစဆီမှာ သွားခိုလှုံတာက ရှိကောင်း၊ ရှိနိုင်တယ်။ ဒါကလည်း ရှိ၊ မရှိတော့ ကျနော်လည်း မသေချာဘူး။ ဒါပေမယ့် BGF အတွက် သွားပြီးတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာက လောလောဆယ် ဖလမ်းမြို့နယ်အတွင်းမှာ ဖြစ်ဖြစ်၊ ချင်းပြည်နယ်အတွင်းမှာ ဖြစ်ဖြစ် BGF ဆိုပြီးတော့ ရှိကို မရှိတာဗျ” ဟု CNO / CNDF ယာယီဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။
တပ်မဟာ – ၄ (UCR) တပ်ဖွဲ့ဝင်တချို့သည် စစ်တပ်၏ BGF (နယ်ခြားစောင့်တပ်) အဖြစ် ဆောင်ရွက်ရန် ကူးပြောင်းသွားသည်ဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းမှာလည်း မဟုတ်မှန်ကြောင်း ဆလိုင်းပီတာထန်က ပြောသည်။
အောက်တိုဘာလ ၂၇ ရက်က CNO/ CNDF မှ အင်အား ၄၀ ခန့်သည် ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်သို့ ဆက်သွယ်၍ ပူးပေါင်းသွားခဲ့ကြောင်း၊ ၎င်းတပ်ဖွဲ့ဝင်များ ရှိရာ နေရာသို့ ဒကစ (ကလေး)မှ စစ်ယာဉ် ၃ စီးဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း စစ်ရေးလေ့လာစောင့်ကြည်သူတချို့က ပြောသည်။
“သူတို့ကတော့ ငြင်းမှာပဲပေါ့နော်။ တော်တော်များများ အဖွဲ့ဝင်တွေကတော့ စစ်တပ်နဲ့ ပေါင်းတာကို မကျေနပ်ကြဘူး။ ထိပ်ပိုင်းကတော့ စစ်တပ်နဲ့ ပေါင်းမယ့် အပြင်အဆင်မျိုးကိုပဲ တွေ့ရတယ်။ ကျနော် ရထားတဲ့ သတင်းကတော့ မှန်ကန်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု စစ်ရေးလေ့လာစောင့်ကြည်သူ CDM ဗိုလ်ကြီးဇင်ယောက်က ပြောသည်။
ယခုရက်ပိုင်းအတွင်း အိုင်ဇော်မြို့တစ်နေရာတွင် CNO / CNDF ခေါင်းဆောင်များ တွေ့ဆုံ၍ စစ်တပ်ထံ ပူးပေါင်းသွား သော တပ်ဖွဲ့ဝင်တချို့ကိစ္စအပါအဝင် တချို့ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သတင်း ရရှိကြောင်း သိရသည်။
၂၀၂၆ နှစ်လယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း CNO/ CNDF ဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် စစ်တပ်ကိုယ်စားလှယ်တို့အကြား တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှု သတင်းထွက်ပေါ်ပြီး ရက်ပိုင်း အတွင်းမှာပင် CNO/ CNDF ဥက္ကဌသည် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

