(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့သို့ သုံးဘီးဖြင့် ပြန်လာသည့် သားအမိ ၃ ဦးနှင့် လိုက်ပါပို့ဆောင်ပေးသူ သုံးဘီးယာဉ်မောင်းတို့သည် ဟားခါး-ဖလမ်းကားလမ်းမပေါ်ရှိ Rialti ရွာအဝင်မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
အသက် ၄၃ နှစ်အရွယ် Nu Hrang Cer Thluai နှင့် သမီး ၂ယောက်ဖြစ်သည့် အသက် ၁၆ နှစ်အရွယ် Mai Cer Sin Mawi Leng Chiang ၊ အသက် ၉ နှစ်အရွယ် Mai Noel Pam Chaing တို့သည် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ခင်ပွန်းဖြစ်သူထံ အလည်အပတ်သွားရောက်ခဲ့ကြသည်ဟု သိရသည်။
ထို့နောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် Nu Hrang Cer Thluai တို့ သားအမိ ၃ ယောက်သည် သုံးဘီးယာဉ်မောင်း အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်ထွေး (ခ) အောင်လေးနှင့်အတူ ဟားခါးမြို့မှ ဖလမ်းမြို့သို့ သုံးဘီးဖြင့် ပြန်သွားကြသည့်အချိန်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်ဟု အခြေအနေသိရှိသူဒေသခံတစ်ဦးထံမှသိရသည်။
၎င်းတို့သည် ဖလမ်းမြို့သို့ ရောက်ရှိရမည့်အချိန်တွင် ရောက်မလာသောကြေင့် ခင်ပွန်းဖြစ်သူက လိုက်လံဆက်သွယ် စုံစမ်းရာမှာ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဟားခါး-ဖလမ်း လမ်းပေါ်ရှိ Rialti ရွာအဝင်လမ်းကွေ့တစ်နေရာတွင် သုံးဘီးယာဉ်ပေါ်မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြသည်ဟု တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင်အခြေအနေသိရှိသူတစ်ဦးက “ အဲဒီအမျိုးသမီးရဲ့ခင်ပွန်းက ဟားခါးမြို့ စသုံးလုံးဝန်းထဲမှာဖွင့်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ အလုပ်လုပ်တဲ့ ဝန်ထမ်း Non-CDM လို့ သိရတယ်။ ဒါပေမဲ့ သူမကတော့ ဖလမ်းမှာပဲနေတာပေါ့နော်။ ခင်ပွန်းဖြစ်သူထံအလည်လာပြီးအပြန်မှာ ခုလိုဖြစ်သွားတာပါ” ဟု ပြောသည်။
ရုပ်အလောင်းများတွေ့ရှိသည့်နေရာသည် အာဏာသိမ်းစစ်တပ်ထိန်းချုပ်စိုးမိုးထားသည့်ဒေသဖြစ်ပြီး စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ကင်းပုန်းများစွာ ချထားသည့် လမ်းပိုင်းဖြစ်ကြောင်းသိရသည်။
တဖက်မှာတော့ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု လူမှုကွန်ယက် စာမျက်နှာ ပေါ်တွင် သတင်းအမှားများ ဖြန့်ဝေမှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုနှစ် ဇူလိုင်လအတွင်းကလည်း ဖလမ်းမြို့သို့ နေရပ်သို့ ပြန်လာသည့် ညီအစ်ကို ၂ ဦးကို ဖမ်းဆီး၍ အကိုဖြစ်သူကို ပစ်သတ်ခဲ့သည်။
ယခုသေဆုံးသွားသူ သုံးဘီးယာဉ်မောင်း ကိုအောင်ကျော်ထွေး၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ဟားခါးမြို့၊ အမှတ် (၁) သုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ခရစ်ယာန်အသင်းတော်၏ နာရေးအသိပေးချက်အရ သိရသည်။
Nu Hrang Cer Thluai တို့သားအမိ ၃ ဦး၏ ရုပ်အလောင်း၏ အခြေအနေကိုတော့ မည်ကဲ့သို့ဆောင်ရွက်ကြသည်ကို မသိရသေးပေ။

