လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ NCA အောက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လက်တွေ့မကျတော့ဟု CNF တုံ့ပြန်
(006SV)
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ KNU နှင့် ABSDF တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ပါဝင်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ကျင်းပသော NCA နှစ်ပတ်လည်နေ့မှာ ထပ်မံ ဖိတ်ခေါ်လိုက်သည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော်မှာ ကျင်းပပြုလုပ်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အာဏသိမ်းစစ်အုပ်စု၏ ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်လာခြင်းဖြစ်သည်။
“NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ (၅) နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့ KNU, CNF နဲ့ ABSDF တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်။ အလားတူ PDF အမည်ခံ အဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မင်းအောင်လှိုင်က ယနေ့ NCA အခမ်းအနားမှာ ပြောသည်။
၂၀၂၆ ဧပြီလကတည်းက NCA လက်မှတ်ရေးထိုးထားသော အဖွဲ့မျာသာမက လက်မှတ်မရေးထိုးရသေးသော အဖွဲ့များ ကို ကြိုတင်ကန့်သတ်ချက် မထားသော ဆွေးနွေးပွဲ ကျင်းပရန် ဖိတ်ခေါ်ထားသည်ဟု အာဏသိမ်းစစ်ခေါင်းဆောင်က ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အာဏာ သိမ်းစစ်အုပ်စု၏ NCA အောက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများသည် လက်တွေ့မကျကြောင်း ပြောသည်။
“NCA အောက်ကနေ လုပ်ဆောင်မှုတွေဟာ ဒီနေ့ နိုင်ငံရေး အခင်းအကျင်းအရ လက်တွေ့ မကျတော့ဘူး၊၊ ဒါကြောင့် မူဝါဒတွေ သဘောထားတွေ ပေးစရာ မရှိဘူးပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်၏ မူဘောင်အောက်တွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသာ ပိုဖြစ်သင့်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က ASEAN 5- points Consensus (5PC) ရဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှု ဆိုရင် ဒါက ပိုဖြစ်သင့်တယ်လို့ပဲ ပြောချင်တယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ဧပြီလ ၂၀ ရက်က အာဏာသိမ်းစစ်အုပ်စု၏ ပထမဆုံးစစ်အစိုးရအစည်းအဝေးနှင့် ရက် ၁၀၀ စီမံကိန်းများနှင့် ပတ်သက်၍ မူဝါဒများ ပြောကြားရာတွင်လည်း CNF ၊ KNU ၊ ABSDF စသော NCA လက်မှတ်ရေးထိုးထားသည့် EAOs အဖွဲ့များအနေဖြင့် ရက်၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ဖူးသည်။
ယင်းဖိတ်ခေါ်မှုနှင့်ပတ်သက်၍လည်း ချင်းအမျိုးသားတပ်ဦး (CNF) က ငြင်းပယ်ခဲ့ပြီး SCEF ၏ မူဝါဒ ရပ်တည်ချက် အတိုင်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သော ဧပြီလအတွင်းက ခိုနုမ်းသုန်ကို ဖြေကြားဖူးသည်။
ချင်းအမျိုးသားတပ်ဦး (CNF/ CNA) သည် NUG ၊ KIO/ KIA ၊ KNU၊ ကရင်နီ အင်အားစုများနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းထားပြီဖြစ်သည်။
SCEF သည် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်တို့ကို ဖော်ဆောင်မည်ဖြစ်သည်။
ယနေ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားတွင် NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမည်ဟု စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေကို တောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
တိုင်းနှင့်ပြည်နယ်များတွင် လူမျိုးပေါင်းစုံ ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြသည့်အတွက် ပြည်နယ်တစ်ခု သည် လူမျိုးတစ်မျိုး၏ ပိုင်ဆိုင်မှု မဟုတ်သောကြောင့် ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ်အမည် သတ်မှတ်ရေးနှင့် ပတ်သက်၍လည်း ဝိုင်းဝန်းစဉ်းစား အဖြေရှာကြရန် မင်းအောင်လှိုင်က ထည့်သွင်းပြောခဲ့သည်။
၂၀၂၁ ခုနှစ်က ရွေးကောက်ခံလူထုအစိုးရထံမှ အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူအားလုံးအနေဖြင့် သဘောထားကွဲလွဲ မှုများကို လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းမည့်အစား တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းရန် ဖိတ်ခေါ်နေသည်။
CNF ၊ KNUI ABSDF ၊ DKBA၊ KNU/KNLA-PC၊ PNLO၊ ALP နှင့် RCSS တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က NCA ကို စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ LDU နှင့် NMSP တို့ ထပ်မံ၍ NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၁ စစ်အုပ်စု အာဏာသိမ်းချိန်တွင် CNF ၊ KNUI ABSDF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစု တချို့သည် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် NCA သဘောတူညီချက်များ ပျက်စီးသွားပြီဟူ၍ တရားဝင် ထုတ်ပြန်ထားသည်။
