(006SV)
မင်းတပ်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာနှင့် မင်းတပ် – မတူပီ ကားလမ်းမဘေး တစ်နေရာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲမှု ပြုလုပ်ရာ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း မင်းတပ်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်ည ၁၁ နာရီခန့်မှ ၁၁နာရီ ၂၈ မီနစ်အထိ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာတစ်ရွာနှင့် မင်းတပ်- မတူပီ ကားလမ်းမဘေး နေရာတချို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တစ်ကြိမ်တိုက်ခိုက်လျှင် ဗုံး ၂လုံးဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်သွားသည်ဟု သိရသည်။
“နေပြည်တော် အေလာ လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးကနေ ဗုံး ၈ လုံး ကြဲချပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ အသက် ၆၀ ခန့် အမျိုးသား ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးပြီး ကလေးငယ် ၂ ဦးနှင့် မိခင်အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိသည်။
ကျေးရွာမှ ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ နတလအဆောင်၊ စာသင်ကျောင်းအပြင် လူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်ဒေသခံတစ်ဦးထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၄၀ ခန့်မှာလည်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးနယ်ဒေသအတွင်းရှိ တစ်နေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်က ချင်း- ရခိုင်- မကွေး ကုန်စည်စီးဆင်းမှုမှာ အရေးပါသည့် ရွှေအောင်သာစစ်မျက်နှာတွင် တော်လှန်ရေးပူးပေါင်းတပ်က ယာယီဆုတ်ခွာထားပြီးနောက် မင်းတပ်စစ်မျက်နှာဘက်သို့ စစ်တပ်က စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။
ချင်းတောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များသည် လတ်တလောမှာ မင်းတပ်နှင့် ကျင်ဒွေး စစ်မျက်နှာတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကန်ပက်လက်စစ်မျက်နှာတွင် စစ်ဆိုင်ထားကာ ငြိမ်နေကြောင်း သိရသည်။

