(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ထင်ရှားသည့် ပုဂ္ဂလိကဆေးရုံကြီးများဖြစ်သော Royal City ဆေးရုံနှင့် ချမ်းမြေ့ ဆေးရုံတို့ကို စစ်အုပ်စုက ချိတ်ပိတ်ခဲ့သဖြင့် တက်ရောက်ကုသမှုခံယူနေသည့် အတွင်းလူနာများ ဆေးရုံမှ ချက်ချင်း ပြောင်းရွှေ့ဆင်းပေး ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဆေးရုံနှစ်ရုံမှာ အောက်တိုဘာလ ၁၂ ရက် မနက်ပိုင်းတွင် ချိတ်ပိတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ယမန်နေ့ ညနေပိုင်းတွင် ဆေးရုံအတွင်း လူနာများနှင့် ဝန်ထမ်းများ မရှိတော့ဘဲ တံခါးမကြီးများပါ ပိတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရုတ်တရက် ပိတ်သိမ်းခံလိုက်ရခြင်းကြောင့် လက်ရှိ ကုသမှုခံယူနေဆဲ လူနာများအပြင် ကြိုတင်ရက်ချိန်းယူထား သူများပါ ဆေးကုသခွင့် ရုတ်တရက် ရပ်တန့်သွားသဖြင့် အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။
Royal City ဆေးရုံတွင် ပုံမှန်ဆေးကုသမှု ခံယူနေရသည့် ဒေသခံ အမျိုးသားတစ်ဦးက “မနေ့က ဆေးရုံ ၂ ရုံ ချိတ်ပိတ် လိုက်တာပါ။ Royal City ဆိုရင် မနေ့က ညနေပိုင်းဆို လူနာတွေ ဝင်ထွက်သွားလာတဲ့ အမြဲပွင့်နေတဲ့ တံခါးတွေက အခုတော့ ဘယ်သူမှ မရှိ၊ ဆေးရုံတံခါးမကြီးကလည်း ပိတ်ထားပါတယ်။ ကျွန်တော် တနင်္ဂနွေနေ့က ရက်ချိန်းရှိလို့ သွားပြခဲ့သေးတယ်ဗျာ။ အခုတော့ လူနာတွေ အကုန်ပြောင်းရွှေ့ထားပြီး တိတ်ဆိတ်နေတာဗျာ။ နောက်တစ်ခါ ရက်ချိန်းက ဘယ်လိုလုပ်ရမလဲ။ ဆေးရုံ အမြန်ဆုံးပြန်ဖွင့်လာဖို့ မျှော်လင့်တယ်။ လောလောဆယ် ချိတ်ပိတ်ရတဲ့ အကြောင်းအရင်း တွေက များနိုင်ပေမဲ့ အခုထိတော့ ဘာကြောင့် ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ နောက်တစ်ရုံကတော့ လမ်းဆုံ ဘက်က ဆေးရုံပါ” ဟု ပြောသည်။
ဒေသတွင်း သတင်းရင်းမြစ်အချို့၏ ပြောဆိုချက်အရ အခွန်ကိစ္စ မရှင်းလင်းခြင်း သို့မဟုတ် အခွန်မဆောင်ခြင်းများကြောင့် ဖိအားပေး ပိတ်ခိုင်းခြင်းဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါ ဆေးရုံနှစ်ရုံ ချိတ်ပိတ်ခံရသည့် အကြောင်းအရင်း အသေးစိတ်နှင့် ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး အတိ အကျကိုမူ မသိရသေးပေ။
