(004SS)
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း၏ နှစ်ပတ်လည်ညီလာခံတွင် မြန်မာနိုင်ငံမှ ချင်းအမျိုးသမီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးသည် လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ဆု (IBA Human Rights Award 2026) ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း၏ နှစ်ပတ်လည်ညီလာခံအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဆုပေးပွဲသို့ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၃၀ ကျော်မှ ရှေ့နေများနှင့် ဥပဒေပညာရှင် ၅,၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ချင်းတိုင်းရင်းသူ ဥပဒေပညာရှင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည့် ဒေါ်ဇာလီအေးက မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် တရားမျှတမှုအတွက် ဆက်လက်ကြိုးပမ်းနေမှုများကို တင်ပြပြောကြားခဲ့ကြောင်း ၎င်းကရေးသားဖော်ပြထားသည်။
“ဤဂုဏ်ပြုဆုသည် ကျမတစ်ဦးတည်း၏ ကြိုးပမ်းအားထုတ်မှုအတွက်သာမက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတို့အတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အတူတကွ ရပ်တည်ကြိုးပမ်းခဲ့ကြသူများအားလုံး၏ စေတနာ၊ ယုံကြည်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကိုပါ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုတစ်ရပ်အဖြစ် ခံယူသည်” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် ဤဆုကို မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများကြားမှ တရားမျှတမှုအတွက် ဆက်လက်ရပ်တည်နေကြသော ရှေ့နေများ၊ မတရားဖမ်းဆီးခံရသူများ၊ လိုင်စင်ရုပ်သိမ်းခံရသူများနှင့် နေရပ်စွန့်ခွာနေရသော ရှေ့နေများအားလုံးနှင့်အတူ မျှဝေခံယူလို ကြောင်းလည်း ဆိုသည်။
ဆုရရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးသည် ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးရှိ အိမ်ခြေ ၁၄ အိမ်သာရှိသော ရွာငယ်လေးတွင် မွေးဖွားကြီးပြင်းခဲ့သည့် ချင်းတိုင်းရင်းသူတစ်ဦး ဖြစ်သည်။
ချင်းအမည် ဇလန်အီယာန်းဖြစ်ရာကနေ ရန်ကုန်တွင် ကျောင်းအပ်ချိန် ခွဲခြားဆက်ဆံမှုအချို့ကြောင့် ဇာလီအေး ဟု အမည်ပြောင်းလဲခဲ့ရသူဖြစ်သည်။
ငယ်စဉ်က သီချင်းဆိုခြင်းကို ဝါသနာပါခဲ့သော်လည်း မိသားစု၏ လမ်းညွှန်မှုနှင့် ဆွေမျိုးအတွင်း ဖြစ်ပွားခဲ့သည့် မတရားမှုတစ်ခုကို ရှေ့နေ၏ အကူအညီဖြင့် ဖြေရှင်းနိုင်ခဲ့သည့် ဖြစ်စဉ်ကြောင့် ရှေ့နေအလုပ်ကို စိတ်ဝင်စားကာ ဥပဒေပညာရှင်ဖြစ်လာခဲ့သည်။
လက်ရှိတွင် ဒေါ်ဇာလီအေးသည် တရားလွှတ်တော်ရှေ့နေအဖြစ် ဆောင်ရွက်ရင်း အမျိုးသမီးရေးရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးရေး၊ LGBTIQ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် နွေဦးတော်လှန်ရေးကာလ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကို အစဉ်တစိုက် အားထုတ်ဆောင်ရွက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်းသည် ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ရှေ့နေများနှင့် ဘားအသင်းများကို စုစည်းထားသည့် ကမ္ဘာ့အကြီးဆုံး ဥပဒေရေးရာ အဖွဲ့အစည်းကြီး ဖြစ်သည်။
IBA မှ နှစ်စဉ်ကျင်းပသည့် နှစ်ပတ်လည်ညီလာခံများတွင် လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများကြားမှ ရဲဝံ့စွာ ကာကွယ်စောင့်ရှောက်ခဲ့သည့် ဥပဒေပညာရှင်များကို စိစစ်ရွေးချယ်၍ IBA Human Rights Award အပါအဝင် ထူးချွန်ဆုများကို ဂုဏ်ပြုပေးအပ်လေ့ရှိသည်။
