(005MK)
ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ချင်းပြည်နယ် ပလက်ဝ နဲ့ မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီအကြား ကားလမ်းဖော်လုပ်မှုကို အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် မီဇိုရမ်ပြည်နယ် အုပ်ချုပ် ရေးမှူး Gen. Dr. Vijay Kumar Singh က ညွှန်ကြားလိုက်သည်။
မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Gen. Dr. Vijay Kumar Singh နှင့် IRCON International (Myanmar Branch) မှ စီမံကိန်းတာဝန်ခံ Sanjay Tripathi တို့သည် ယမန်နေ့က အိုင်ဇောလ်မြို့ Lok Bhavan ၌ တွေ့ဆုံကာ ၁၀၉.၂ ကီလိုမီတာ ရှည်လျားသော ပလက်ဝ နှင့် ဇိုးရင့်ပွီလမ်းမကြီး ဖောက်လုပ်ရေးအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယဗဟိုအစိုးရ၏ အရေးကြီးသည့် စီမံကိန်းတစ်ရပ် ဖြစ်ပြီး ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ရန်နှင့် နောက်ထပ်နှောင့်နှေးကြန့်ကြာမှုများမရှိစေဘဲ စီမံကိန်း အောင်မြင် စွာပြီးမြောက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန် မီဇိုရမ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ သည်။
မိုးအကုန် လုပ်ငန်းခွင်ရာသီအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်နှင့် စီမံကိန်း မြန်မြန်ဆန်ဆန် ပြီးစီးရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
စီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသော IRCON International ကုမ္ပဏီက စီမံကိန်းတာဝန်ခံကလည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ တွေ့ကြုံနေရ သည့် အခက်အခဲများနှင့် အခြားအရေးကြီး အချက်အလက်များကို အုပ်ချုပ်ရေးမှူးထံ ရှင်းလင်းတင်ပြခဲ့သည်။
ယခုလက်ရှိတွင် ပလက်ဝ နှင့် ဇိုးရင့်ပွီကြား ကားလမ်းဖောက်လုပ်မှုအခြေအနေမှာ လုပ်ငန်း၏ ၂၅% ပြီးစီးခဲ့ပြီး လျာထားဘတ်ဂျက်၏ ၃၀% ကို အသုံးပြုထားပြီးဖြစ်ကြောင်းသိရသည်။
