(004SS)
ဖလမ်း (ချင်း) စကားပြောအသံကို AI နည်းပညာဖြင့် အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုပေးနိုင်သည့် ChinSpeak App ကို iOS – iPhone စက်များတွင် စတင်ဖြန့်ချိခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်နေ့ကစပြီး အက်ပလီကေးရှင်း အသစ် စက်စက် Version အား Android ဖုန်းတွင်ပါ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ မနေ့ ကဘဲ ရတာ။ ဒီ version က iOS နှင် အတူပါ ပဲ။ features အသစ်မထည့်ဖြစ်ဘူး Release ကြာမှာ စိုးလို့။ Release အရင် လုပ်ပြီး features ထည့်ရင် ပိုမြန် လို့ပါ။ နောက် တစ်ပတ် လောက်ကျရင် Translations quality upgrade ရယ် Voice male နှင် female ရပါမယ်” ဟု ChinSpeak App တည်ထောင်သူ Salai Nung Lian Sum ကပြောသည်။
အဆိုပါ ChinSpeak App သည် ချင်းဘာသာစကားသမိုင်းတွင် အသံဖြင့် တိုက်ရိုက်စကားပြောဆို ဆက်သွယ်နိုင်သည့် ပထမဆုံး AI ဘာသာပြန်စနစ် ဖြစ်သည်။
၎င်းကို စကားပြန်စနစ် (Translation Technology)၊ အသံမှ စာသားပြောင်းပေးသည့်စနစ် (Speech-to-Text) နှင့် စာသားမှ အသံထွက်ပေးသည့်စနစ် (Text-to-Speech) နည်းပညာ ၃ မျိုး ပေါင်းစပ်ကာ ၁ နှစ်နီးပါး ဒေတာစုဆောင်း အသံသွင်း၍ အကောင်အထည်ဖော် ရေးဆွဲထားခြင်း ဖြစ်သည်။
အက်ပလီကေးရှင်းတွင် လူနှစ်ဦး တိုက်ရိုက်စကားပြောဆိုရာ၌ အဆင်ပြေစေသည့် Conversation Mode ပါဝင်ပြီး ချင်းဘာသာပြောသူနှင့် အင်္ဂလိပ်ဘာသာပြောသူတို့အကြား အသံဖြင့် အပြန်အလှန် လွယ်ကူစွာ စကားပြောဆိုနိုင်မည် ဖြစ်သည်။
Audio Resource များကို Za Hlei Thang Audiobook နှင့် Falam Media Network တို့က ပံ့ပိုးပေးထားခြင်းဖြစ်ပြီး Chin Pawlpi, USA အဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြည်သူများ အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်ပေးထားခြင်းကြောင့် အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ဖလမ်း ချင်းဘာသာစကား တစ်ခုတည်းကို အဓိက အသုံးပြုနိုင်သေးပြီး နောက်တစ်ပတ်ခန့်တွင် ဘာသာပြန် အရည်အသွေး မြှင့်တင်မှုများ အပါအဝင် အမျိုးသား၊ အမျိုးသမီး အသံထွက် (Voice Male & Female) ရွေးချယ်နိုင်သည့် Feature အသစ်များကို ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
