ကလေးမြို့တွင် ချင်းအမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများနှင့် လမ်းလျှောက်စကားပြောစက် (၆) လုံးဖမ်းမိ

0

By လားနွန် – ကလေးမြို့မှာ ၁၈ မိုင်ခန့်ကွာဝေးသော လက်ပံချောင်းကျေးရွာတွင် ချင်းအမျိုးသား မင်းထန်ဇားဝါးထံမှ လက်နက်ခဲယမ်းများနှင့် လမ်းလျှောက်စကားပြောစက် ၆ လုံးကို သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိသည်ဟု လက်ခံချောင်းရဲစခန်းထံမှသိရသည်။


ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မင်းထန်ဇားဝါ (၄၁) နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်း အိမ်သာမျက်နှာကျက်ပေါ်တွင် အဆိုပါလက်နက်နှင့် စကားပြောစက်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု လက်ခံချောင်းရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးကပြောသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးသတင်းရရှိလို့လေ သတင်းရတာနဲ့ မူးယစ်အထူးအဖွဲ့တို့ ခရိုင် ဒ.က.စတို့ လက်ပံချောင်းရဲကင်းအဖွဲ့တို့ ၀င်ဖမ်းတာပေါ့ သူ့အိမ်ကို ၀င်ခဲ့တော့ အိပ်ခန်းထဲမှာရှိတဲ့ အိမ်သာရဲ့ မျက်နှာကျက်ကနေမိတာပေါ့ လက်နက်ခဲယမ်းတွေရယ် စကားပြောစက်တွေမိတာပေါ့ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က လက်နက်ခဲ့ယမ်းမိတာတော့ ၁၉ (စ) နဲ့ မိတာပေါ့ စကားပြောစက်တွေကတော့ ဆက်သွယ်ရေး ပုဒ်မ ၆၇ နဲ့ အရေးယူထားတာပေါ့၊ အဖမ်းခံရတဲ့သူက အခုလက်ရှိကလေးစခန်းမှာပဲ ထိန်းသိမ်းထားတာပေါ့ တရားရုံးကနေ ချုပ်ယမန်တောင်းထားတာပေါ့ ကလေးစခန်းမှ ချုပ်ထားတာပေါ့” ဟု ရဲဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါဖမ်းဆီးရမိသည့်လက်နက်များမှာ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက် (စနိုက်ပါတပ်လျက်)၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ၎င်းကျည် ၃၉ တောင့်၊ လေသေနတ် ၂ လက် (အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် ၂၀၀၀ တောင့်၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက် (စ်) ဗူး ၈၅ ဗူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူး၊ စနိုက်ပါမှန်ပြောင်း ၄ ခု (အတို ၁၊ အရှည် ၃)၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက် စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခုနှင့် သေနတ်အိတ် ၄ ခုတို့ ဖြစ်သည်။

လက်နက်ခဲယမ်းများနှင့် ဖမ်းမိခံသည့် မင်းထန်ဇားဝါသည် ကလေးမြို့မရဲစခန်း (ပ)၁၆၂၆/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း၊ (ပ)၁၆၂၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply

*

code