ရက္ခိုင့်တပ်တော် AA မှ ခေါ်ယူထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းလူမျိုး ၆ ယောက်အား သင့်တင့်လျောက်ပတ်သည့်အချိန်တွင် ပြန်လွတ်ပေးနိုင်ရေးအတွက် IKACC နင့် AA တို့ နှစ်ဘက်ကြား ညှိနှိုင်းသဘောတူထားကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံအရပ်သားပြည်သူ ၆ ဦးအား AA ရက္ခိုင့်တပ်တော် (AA) စစ်ရေးလှုပ်ရှားမှုကို စစ်ကောင်စီထံ သတင်းပေးသည်ဟူသော အထောက်အထားနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အသက်အန္တရာယ်လုံခြုံရေး၊ ထိန်းသိမ်းထားစဥ်ကာလအတွင်း ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံနိုင်ရေးအပြင် AA ဘက်က အချိန်တန်လာရင် ပြန်လွတ်ပေးရန် ညှိနှိုင်းသဘောတူထားကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“AA ဖက်က ပြောပြချက်အရကတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားတဲ့နေရာမှာ စကစဘက်ကိုသော်လည်းကောင်း အခြားသော ဌာနတွေမှာ သတင်းပေးတယ်ဆိုတဲ့ အထောက်အထားတွေနင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်။ နောက်ပြီး စကစကို သတင်းမပို့အောင်နင့် စကစဘက် မပူးပေါင်းအောင် ဖြစ်စေချင်တဲ့သဘောပါ။ သူတို့နင့် ပြောတာနေအထားအရတော့ အခွင့်အခါသင့်တဲ့အချိန်မှာတော့ ပြန်လွတ်ပေးမယ်ဆိုတဲ့ ပုံစံနင့် တစ်ဆင့်ကြားရတာပေါ့” ဟု IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော် (AA)၊ CDF-Paletwa တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စသည့် လက်နက်ကိုင် ၃ ဖွဲ့ ခြေကုပ်ယူလှုပ်ရှားသည့်ဒေသဖြစ်ပြီး ယခုကဲ့သို့ တော်လှန်ရေးကာလတွင် ဒေသခံပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအား အနှောက်ယှက်ပေးသူမဖြစ်စေချင်ကြောင်း IKACC က တာဝန်ရှိသူက ဆက်ပြောသည်။
“တစ်ခြားမြို့နယ်တွေထက် ထူးခြားတာက ပလက်ဝဒေသမှာက လက်နက်ကိုင်တွေဖြစ်တဲ့ AA တပ်ဖွဲ့ရှိတယ်၊ Paletwa-CDF တွေရှိတယ်။ စကစ လည်းရှိမယ်။ အဓိကတော့ ပြည်သူလူထုတွေ ကလည်း တော်လှန်ရေးထဲမှာ မပါဝင်ပေမဲ့လည်း/ မပါချင်လည်း ကျွန်ပ်ပ်တို့တော်လှန်ရေးလုပ်တဲ့ အချိန်မှာ မနှောက်ယှက်စေချင်ဘူး၊ ဘယ်လူမျိုးမဆို စကစဘက်ကို သတင်းပေးတယ်ဆိုတာမျိုး ရှိရင်တော့ တော်လှန်ရေးတွေရဲ့လုပ်ရမဲ့လမ်းကြောင်းတွေလည်းရှိတာကြောင့် သိမ်သိမ်မွေ့မွေ့ နဲ့ ပါးပါးနပ်နပ်နေထိုင်မှ အဆင်ပြေမယ်” ဟု IKACC မှ တာဝန်ခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးချင်း စသည်တို့ကို ပြုမူဆောင်ရွင်ခြင်း မပြုလုပ်ကြရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) မှ ဇူလိုင် ၂၄ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။