By မိုးကျော် – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှတဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အထိ ဘစ်ကားပြေးဆွဲနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ပေးရန် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga က အိန္ဒိယဗဟိုအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။ နယူးဒေလီမြို့ကိုရောက်ရှိနေသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga သည် အိန္ဒိယနိုင်ငံ External Affairs minister Sushma Swaraj နှင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အိန္ဒိယ External Affairs minister Sushma Swaraj က ကျန်ဖိုင်းနှင့် ကလေးမြို့အကြား ဘစ်ကားပြေးဆွဲခြင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်မူကောင်းမွန်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများအား အမြန်ဆုံးဆက်သွယ်သွားမယ်ဟု ပြောဆိုခဲ့ကြောင်း မီဇိုရမ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုပါသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ဇိုးခေါထားတွင် International Facilitation Center တည်ဆောက်ရန်လိုအပ်ကြောင်းနှင့် ယင်းအတွက်လိုအပ်သော ငွေရေးကြေးများကိုလည်း Sushma Swaraj ထံ တင်ပြတောင်းဆိုခဲ့ပြီး Sushma Swaraj ကလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Author: Editor
By မိုးကျော် – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅၂) ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်ဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်သိန်းတစ်ထောင်တိတိရရှိကြောင်း ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှာမ်းမီးထံမှသိရသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီမှ ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရန်၊ ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ဃ) အရ ခွင့်ပြုမိန့်ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကလေးမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် တင်ပြထားသောအကြောင်းအရာများမှာ ကလေးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ဆောင်ရွက်ရမည့် ရေရရှိရေးလုပ်ငန်း (၄) ခုအတွက် ကျပ်သိန်း (၆၁.၀၀)၊ ကျေးလက် လမ်း/တံတားလုပ်ငန်း (၄၄) ခုအတွက် ကျပ်သိန်း (၈၂၀.၀၀)၊ ပြည်သူလူထူအမှန်တကယ်လိုအပ်သော အခြားလုပ်ငန်း (၄) ခု အတွက် ကျပ်သိန်း (၈၉.၀၀) နှင့် အထွေထွေအသုံးစရိတ်အတွက် ကျပ်သိန်း (၃၀.၀၀) ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များ တည်ဆောက်ရေးကာလမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိဖြစ်ပြီး ပြည်သူလူထူနှင့် ပူပေါင်းဆောင်ရွက်အကောင်ထည် ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။ ကလေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ကျလာသောငွေကြေးများကို ရွေးချယ်အတည်ပြုခဲ့သော အုပ်စု/ကျေးရွာများထံ မကြာမီ ထုတ်ပေးသွားမည်ဖြစ်သည်။
By လားနွန် – မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ၂၀၁၈ ခုနှစ် Chin Person of the Year အဖြစ် ရန်ကုန်မြို့အခြေစိုက် All Chin Society အဖွဲ့မှ ရွေးချယ်လိုက်သည်။ ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် All Chin Society Yagon အနေဖြင့် Chin Person of the Year ကို ပထမဦးဆုံးအကြိမ်ရွေးချယ်ခြင်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးပြုနိုင်မှုအပေါ် အဓိကရွေးချယ်ခြင်းဖြစ်သည်ဟု All Chin Society – Yangon ဒု-ဥက္ကဌ ဦးဟုန်းဆောကပြောသည်။ “ကျွန်တော်တို့ ရွေးချယ်တဲ့နေရာမှာ (၁) ချင်းလူမျိုးဖြစ်ရမယ်၊ (၂) ချင်းလူမျိုး အချင်းချင်းကြား အများဆုံးအကျိုးပြုနိုင်တဲ့သူ၊ (၃) ချင်းလူမျိုးတွေအပြင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးကိုလည်း အကျိုးပြုနိုင်တဲ့သူဆိုပြီးမှ အဲဒီသုံးချက်ကို ကျွန်တော်တို့ ကြည့်လိုက်ချိန်မှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူက အဲဒီနေရာမှာ အံဝင်ခွင်ကျ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့သူ့ကိုရွေးချယ်တာဖြစ်ပါတယ်” ဟု ဦးဟုန်းဆောကပြောသည်။ All Chin Society – Yangon အဖွဲ့အနေဖြင့် ချင်းအမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ယခုလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူအပါအ၀င် ချင်းလူမျိုးများထဲမှ ဆယ်တန်းကို ငါးဘာသာနှင့်အထက် ဂုဏ်ထူးရသူများ၊ Ph.D ဘွဲ့ရများ (Secular & Religion)၊ နိုင်ငံတော်ကိုယ်စားပြုအားကစားသမားများ၊ နိုင်ငံတော်အဆင့်အဆိုတော်များနှင့် အလှမောင်/မယ်များ၊ ဒု-ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးချုပ်များ အစရှိသည်တို့ကို…
By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တွင် (၁၀) နှစ်နီးပါး မကျင်းပဖြစ်တော့သည့် ချင်းအမျိုးသားနေ့ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ အသစ်တဖန် ပြန်လည်ကျင်းပကြတော့မည်ဟု သိရသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် Chin Pawlpi အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည် တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါ နှင့် စစ်ကိုင်းတိုင်းချင်းရေးရာဝန်ကြီးဟောင်း ပူးနိုးထန်ကပ် တို့ကို ဖိတ်ကြားထားသည်ဟု Chin Pawlpi အတွင်းရေးမှူး S.Huliana က ပြောသည်။ “အခုလို ချင်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပရခြင်းမှာ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးများစွာနေထိုင်ကြတယ်။ ဘုရားသခင် ပေးသနားတော်မူသော ဒီအမျိုးသားနေ့ကို မကျင်းမပနိုင်တာဟာ ၀မ်းနည်းဖို့ကောင်းတယ်၊ ဒါကြောင့် မိမိတို့အမျိုးသားနေ့ကို ဒီနှစ်ကစပြီး ပုံမှန်ကျင်းပသွားဖို့ ရည်ရွယ်ပါတယ်” ဟု S. Huliana ကပြောသည်။ ချင်းအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် အားကစားပွဲတော် ကျင်းပမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ညတွင် Vanapa ခန်းမ၌ ချင်းအမျိုးသားနေ့ကို ကျင်းပသွားမည်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်းက၍ တာဝန်ယူဦးဆောင်ကျင်းပမည့်အဖွဲ့အစည်းများ မရှိကြတော့သည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ကြပေ။ ယခုအခါ (၁၀) နှစ်နီးပါးခန့်ကြာပြီးနောက် ပြန်လည်ကျင်းပကြမည်ဖြစ်သည်။ ချင်းအမျိုးသားနေ့တွင် ကလေးတက္ကသိုလ်မှ ယဉ်ကျေးမှုအကအဖွဲ့ Falam phunsang tlawng Cultural Dance Group လူဦးရေ (၂၀) ကျော် လာရောက်မှာဖြစ်သည့်အပြင်…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့က တပ်မတော်စစ်ကား အစီး (၁၀၀) ခန့် ပြည်မဘက်မှ ရောက်ရှိလာသည်ဟု မတူပီမြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “တပ်ထဲက ကျွန်တော့်အသိ စစ်သားတစ်ယောက်ရဲ့ ပြောပြချက်အရ တပ်ရင်း (၁၀) ရင်း၊ အယောက် (၁၀၀၀) ရောက်လာတယ်တဲ့၊ မတူပီကနေ ဘယ်ကို ဆက်သွားကြမလဲဆိုတာတော့ မသိဘူး’’ ဟု မတူပီမြို့ဒေသခံတစ်ဦးက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။ ထို့အပြင် ရဟတ်ယာဉ် (၂) စင်းလည်း ယမန့်နေ့က ရောက်ရှိလာသည်ဟု သိရသည်။ ယခုလက်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်က်၍ တပ်အင်အားတိုးချဲ့သည့်အနေဖြင့် လာရောက်ခြင်းဖြစ်နိုင်သည်ဟု သူကပြောသည်။ မတူပီမြို့တွင် စစ်ဗျူဟာတစ်ခု၊ ခလရ(၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်း နှစ်ရင်းရှိသည်။
By မိုးကျော် – ကမ္ဘာ့ဘဏ်၏ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သော ကလေး-ဖလမ်း-ဟားခါး မော်တော်ကားလမ်းလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်ကပြောသည်။ ချင်းပြည်နယ် ဟားခါးမြို့ Carson ခန်းမတွင် ဖေဖော်ဝါရီလ (၄) ရက်နေ့က ကျင်းပပြုလုပ်သော သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းလုပ်ငန်း မိတ်ဆက်အစည်းအဝေးတွင် ချင်းပြည်နယ် ၀န်ကြီးချူပ်က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါကားလမ်းကို ကမ္ဘာ့ဘဏ်၏ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဖြင့် ဆောက်လုပ်ရေးဝန်ကြီး လမ်းဦးစီး ဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုက “ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်မှုစစ်တမ်းကို ဇွန်လအထိကောက်မယ်၊ အဲဒီပြီးရင် ဒီဇိုင်းတွေလာဦးမယ် ဒီနှစ်အောက်တိုဘာလ လောက်မှာတော့ လုပ်ငန်းစတင်နိုင်မယ်လို့မျှော်လင့်ရတယ် ဒါပေမယ့် အတိကျတော့ ပြောလို့မရသေးဘူး’’ ဟု ပြောသည်။ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တွင် ထိခိုက်ပျက်စီးနိုင်မှုနည်းပါးစေရေး စစ်တမ်းများကို Cardno မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုစီမံကိန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဟားခါးမြို့အထိ ကလေး-ဖလမ်း-ဟားခါးမော်တော်ကား လမ်းမိုင်အရှည် (၁၂၄) မိုင်ရှိပြီး ကလေးမြို့၏အစ (၀) မိုင်ကနေ (၉) မိုင်အပါအဝင် ဟားခါးမြို့ထိ (၁၂၄) မိုင်ကို စစ်တမ်းကောက် ယူခြင်းလုပ်ငန်းတွင် ထည့်သွင်းသွား မှာဖြစ်ပြီး (၉) မိုင်မှ (၁၂၄) မိုင်အထိကို လမ်းအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွား မည်ဖြစ်သည်။ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းအတွက် လမ်းတလျှောက်ရှိ မြို့နယ် (၃) မြို့နယ်မှ ကျေးရွာပေါင်း (၃၀) ကို ရွာအရောက်ကွင်းဆင်းပြီး စနစ်တကျ ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
By လားနွန် – ကလေးမြို့နယ်အတွင်းပြေးဆွဲလျှက်ရှိသော ဆိုင်ကယ်ဘေးတွဲယာဉ်များ (ဒေသအခေါ် ဆိုက်တွဲ) တရားဝင်လိုင်စင်ရရှိရေးနှင့် တရားဝင်ပြေးဆွဲခွင့်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားမည့် ဆိုက်တွဲသမဂ္ဂကို ယနေ့တွင် ဖွဲ့စည်းလိုက်ကြသည်။ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ဆိုက်တွဲယာဉ်မောင်းများသည် ကလေးမြို့ မြို့တော်ခန်းမတွင် ယနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆိုက်တွဲသမဂ္ဂကို ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့မြို့ပေါ်မှာ ဒေသလိုအပ်ချက်အရပေါ်ပေါက်လာတဲ့ ဆိုက်ကားနေရာမှာ အစားထိုးလာတဲ့ ဆိုက်တွဲရဲ့ ခရီးသည်ပြေးဆွဲမှု ပို့ဆောင်မှုတွေမှာ ပြေးဆွဲတဲ့နေရာမှာ စည်းကမ်း တကျဖြစ်ဖို့နှင့် အခုတိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်အရ ဆိုက်တွဲတွေကို ဖျက်သိမ်းမယ်ဆိုတာ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေမို့ ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီးတော့ လိုင်စင်ရရှိရေးကို ကြိုးစားပေးဖို့ သမဂ္ဂအနေနဲ့ တောင်းဆိုဖို့ဖွဲ့စည်းလိုက်ကြတာပါ ဘာဖြစ်လို့ဆိုရင် ဒီဆိုက်တွဲသမားတွေက မိမိ တစ်ဝမ်းအတွက် လုပ်စားနေတာမဟုတ်ပဲ သူတို့ရဲ့ နောက်ကွယ်ရာမှာ မိသားစုများစွာရှိပါတယ် နိုင်ငံတော်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲသားပပျောက်ရေးဆိုတဲ့ မူနှင့်လည်းညီအောင် အခြေခံလူတန်းစားတွေလုပ်စားခွင့်ရအောင် တောင်းဆိုစရာရှိတာလည်း သတ်သတ်မှတ်မှတ်နှင့် အဖွဲ့စည်းတစ်ခုအနေနှင့် တောင်းဆိုလို့ရေ အာင်ဖွဲ့စည်းခြင်းဖြစ်ပါတယ်’’ ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသောင်းနိုင်သူကပြောသည်။ ကလေးမြို့တွင် ဆိုက်တွဲယာဉ်မောင်းသူ ဦးရေ တစ်ထောင်ခန့်ရှိသည်ဟု သိရပြီး မကြာသေးခင်ရက်ပိုင်းက သက်ဆိုင်ရာအာဏာပိုင်များမှ ဆိုက်တွဲယာဉ်များကို ဖျက်သိမ်းတော့မည်ဟု ပြောဆိုခဲ့သည်။ ယင်းကိစ္စအပေါ် ဆိုက်တွဲယာဉ်မောင်းများက စိုးရိမ်မကင်းဖြစ်ကြကာ တရားဝင်လိုင်စင်ရရှိရေးနှင့် တရားဝင်ပြေးဆွဲခွင့်ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆောင်းဆိုကြမည်ဖြစ်သည်။
By Le Taung – တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ တပ်မတော်အကြောင်း အပျက်သဘော ပြောဆိုခြင်းမပြုရန် စစ်ဘေးရှောင်ပြည်သူများကို ပလက်ဝမြို့နယ်အာဏာပိုင်များက သတိပေးထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၂၂) ရက်နေ့က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကမ်းနားရှိ ဒလက်မေဒေသတွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားကာ ယင်းဖြစ်စဉ်ကြောင့် ရွာသားများသည် ပလက်ဝမြို့ဘက်သို့ထွက်ပြေးလာကြသည်ဟု သိရသည်။ ပလက်ဝမြို့သို့ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူအချို့ကို ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်မှ သွားရောက်တွေ့ဆုံစဉ်တွင် တပ်မတော်နှင့်ပတ်သက်၍ မီဒီယာများသို့ အပျက်သဘောမပြောဆိုရန် သတိပေးပြောဆိုခဲ့ကြောင်း အဆိုပါစစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကိုးအောင်ကတော့ စစ်ဘေးရှောင်ပြည်သူများကို ထို့ကဲ့သို့ သတိပေးပြောဆိုခြင်းမရှိကြောင်း ခိုနူမ်းသုန်မီဒီယာအဖွဲ့သို့ပြောသည်။ “ကျနော်တို့ အဲလိုမျိုးပြောလည်းမပြောပါဘူး၊ ပြောဖို့ အထက်ကနေ ညွှန်ကြားတာလည်းမရှိပါဘူး’’ ဟု ဦးကိုးအောင်ကပြောသည်။ ပလက်ဝမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ကိုကျော်အောင်ကတော့ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများအား ယင်းကဲ့သို့ တားမြစ်ပိတ်ပင်ခြင်းမရှိကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များထံ အုပ်ချူပ်ရေးမှူးအဖွဲ့ဘက်မှ ထို့ကဲ့သို့ အမှန်တကယ် သတိပေးပြောဆိုမှု ရှိ/မရှိကိုမူ မသိရှိကြောင်း ပြောဆိုပါသည်။ ပလက်ဝမြို့သို့ စစ်ဘေးရှောင်ရောက်ရှိလာကြသူအများစုသည် မိမိတို့၏ဒေသများသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အချိန်မရွေး ပလက်ဝမြို့သို့ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု သိရသည်။ တပ်မတော်နှင့် AA တပ်ဖွဲ့တို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် (၅) မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီ (၂၆) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင်လည်း ပလက်ဝမြို့၏မြောက်ဘက် မိုင် (၅၀) အကွာရှိ…
By လားနွန် – (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးအများစုနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အ.ထ.က (၂) အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် (၂) ရက်တာကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် ချင်းအမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်ငွေ သိန်းတစ်ရာထောက်ပံ့ပေးထားသည်ဟု စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။ “ကျွန်တော်တို့ ချင်းလူမျိုးမှာက ချင်းမျိုးနွယ်စုက (၅၃) မျိုးရှိတယ်၊ ရှိတဲ့အခါကျတော့ မျိုးနွယ်စုစကားမတူညီမှုလေးတွေရှိတယ်၊ စကားမတူတဲ့ဟာတွေ ချင်းတော့ချင်းပဲ ဒါပေမဲ့ ကျန်တဲ့အချိန်မှာ ကောက်သစ်စားပွဲတို့ဆိုရင် ကိုယ့်အမျိုးနွယ်စုလိုက်ကျင်းပကျတယ်ပေါ့နော်၊ ချင်းအမျိုးသားနေ့မှာကျတော့ ချင်းလူမျိုးအားလုံးပူးပေါင်းပြီးတော့ လုပ်လို့ရတယ် အဲဒါကြောင့် ချင်းလူမျိုးအားလုံး ပေါင်းစည်းဖို့ တစ်ယောက် နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိနိုင်တယ် ကိုယ့်ဆွေမျိုးသားခြင်းဖြစ်တယ် ဒီလိုပူးပေါင်းကျင်းပခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုတွေရှိလာမယ် စည်းလုံးမှုတွေရှိလာမယ် ” ဟု ချင်းရေးရာဝန်ကြီးကပြောသည်။ ယခုနှစ်ကျင်းပမည့် ချင်းအမျိုးသားနေ့အခမ်းအနားတွင် အထူးဧည့်သည်တော်ကြီးအဖြစ် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်ကို ဖိတ်ကြားထားသည်ဟုလည်း သိရသည်။ (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပကြမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်လာမည်ဟုသိရသည်။
By လားနွန် – မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါ လုပ်ငန်းများကို ထိရောက်အောင် မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတစ်ရပ်ထူထောင်သွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်ကပြောသည်။ ဇန်န၀ါရီလ (၃၁) ရက်နေ့ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြားကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသို့ရောက်ရှိမလာသော ကလေး သူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘ၀ရှေ့ရေးလုံခြုံချောမွေ့စွာ ရပ်တည်နိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားမှု နှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ဒုတိယ၀န်ကြီးက ယင်းကဲသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “အကြားအာရုံချို့ယွင်းနေသူများ အပါအဝင် မသန်စွမ်းကျောင်းသူ/ သားများနှင့် ကျောင်းသို့ရောက်ရှိမလာသည့် ကလေးသူငယ်များအရွယ် ရောက်ပြီးသူများ၏ ဘဝရှေ့ရေးလုံခြုံ ချောမွေ့စွာရပ်တည်နိုင်ရေး၊ ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး ဆက်စပ် ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနမှ စီစဉ်ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်း ဆောင်ရွက်ထားရှိပါတယ်’’ ဒုဝန်ကြီးဦးစိုးအောင်ကပြောသည်။ ထို့အပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၁၆-၂၅ ခုနှစ် ကိုလည်း ဦးတည်ကဏ္ဍခုနှစ်ရပ်နှင့် ရေးဆွဲထားပြီး ၎င်းမဟာဗျူဟာအား နှစ်အလိုက် လုပ်ငန်းစီမံချက် များ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကြာင်း ဒုဝန်ကြီးဆက်ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ…
