ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် Mr. Hong Liang သည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၁၁) ရက်နေ့ ညနေပိုင်း (၆း၃၀) နာရီက တွေ့ဆုံခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ရေးအားလျှပ်စစ် ထုတ်လုပ်ရေးအပါအ၀င် အခြားကဏ္ဍအသီးသီးတွင် ကူညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဓိက ကတော့ လမ်းပေါ့ အဆင့်မြှင့်ဖို့ဆွေးနွေးပါတယ်၊ သူတို့လာတဲ့ချိန်မှာလည်း လမ်းကတော်တော်ကြမ်းတယ် တော်တော်ခက်ခဲတယ် အဆင့်မြှင့်ဖို့လိုတယ်ပြောတယ် သူတို့ကလည်း စီးပွားရေးချဲ့ထွင်ဖို့အတွက်ကို ပိုးလမ်းမကြီးလည်းလုပ်နေတယ်၊ လမ်းအဆင့်မြှင့်ဖို့ သူတို့လည်း ကူညီနိုင်တာရှိရင် ကူညီနိုင်မယ်ပြောပါတယ်’’ ဟု ပြောသည်။ ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယခုလက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကဏ္ဍများကို ပထမဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံအမတ်ထံ ရှင်းလင်းခဲ့ကြပြီး သူတို့ဘက်မှလည်း ကူညီနိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးသွားမည်ဟု ပြောဆိုကြောင်း ၀န်ကြီးဦးစိုးထက်က ပြောသည်။ “နောင်တစ်ချိန် ဖက်ဒရယ်ဒီမိုကရေစီဖြစ်လို့ရှိရင် ကိုယ့်ဟာကိုယ်ရပ်တည်ဖို့က ငွေလိုတယ် အဲဒီအတွက် ခုကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်တဲ့အပိုင်းက သေချာလေးလုပ်နိုင်အောင် ကျနော်တို့အစိုးရက အားထည့်ပြီးလုပ်နေတယ်ဆိုတာ တွေရှင်းပြတော့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ပိုင်းမှာ သူတို့အတွေ့အကြုံအများကြီးရှိတယ် ၀ိုင်းပြီးတော့ ကူညီပေးမယ် ပြောတယ်’’ ဟု ၀န်ကြီးကပြောသည်။ ထို့အပြင် ချင်းပြည်နယ်ရှိ ဒေသထွက်ကုန်များကို အဆင်မြှင့်ကာ ပို့ကုန်အဆင့်ရောက်နိုင်အောင် ကူညီပေးရေး၊ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်ရေး၊ အသေးစားချေးငွေကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ တရုတ်သံအမတ် Mr.Hong liang သည် ချင်းပြည်နယ်သို့ ပထမအကြိမ်လာရောက်ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့မှ ကလေးမြို့သို့ ပြန်လည်ထွက်ခွါသွားသည်ဟု သိရသည်။
Author: Editor
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် Mr. Hong Liang သည် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ယနေ့ညနေပိုင်း (၆း၃၀) နာရီတွင် တွေ့ဆုံမည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုက ပြောသည်။ တရုတ်သံအမတ်သည် ယမန်နေ့ညနေပိုင်းက ကလေးမြို့သို့ ရောက်ရှိလာပြီး ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှတဆင့် ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွါသွားသည်။ ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူရေး နှင့် ပညာရေးအခြေအနေများ ကို အဓိကဆွေးနွေးကြမည်ဟု ၀န်ကြီးဦးရွှေထီးအိုကပြောသည်။ “ကျွန်တော်တို့အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီးတော့ ကဲဘာတွေဘယ်လိုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကတော့ တင်ပြမယ် အဲဒီပေါ်မှာ မူတည်ပြီးတော့ သူက ဘာတွေကူညီပံ့ပိုးပေးနိုင်မလဲဆိုတာကိုဆွေးနွေးကြမယ်” ဟု ၀န်ကြီးကဆက်ပြောသည်။ တရုတ်သံအမတ် Mr.Hong liang သည် ချင်းပြည်နယ်သို့ ပထမအကြိမ်လာရောက်ခြင်းဖြစ်သည်ဟုသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့် ချင်းပြည်နယ်ဝန်ကြီးချူပ်အဖွဲ့တို့သည် ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာတစ်ခုဖြစ်သည့် မတူပီမြို့သို့ အောက်တိုဘာလ (၉) ရက်နေ့က ရောက်ရှိပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြသည်ဟုသိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ NLD ပါတီ အောင်နိုင်ရေးအတွက် မဲဆွေစည်းရုံရေးမှူးဗဟို ဥက္ကဌ ဒေါက်တာဦးမျိုးညွန့်၊ NLD ပါတီ၏ ဗဟိုအမျိုးသမီးဥက္ကဌ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့၊ လွှတ်တော်ဒု-ဥက္ကဌ ဦးအောင်သန်းနှင့်အဖွဲ့တို့သည် မတူပီမြို့သို့ သွားရောက်ခဲ့ကြပြီး အောက်တိုဘာလ (၁၀) ရက်နေ့က ဘုံတလာခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ကာ မဲဆွယ်တရားဟောပြောခဲ့ကြသည်ဟု မတူပီမြို့ဒေသခံတစ်ဦးကပြောသည်။ “အဓိကပြောကြတာကတော့ လာမဲ့ရွေးကောက်ပွဲးမှာ NLD ကနေ ၀င်ပြိုင်မယ့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ထန်းအတွက် မဲဆွယ်စည်းရုံးတာဖြစ်ပါတာ၊ NLD ပါတီနိုင်မှသာ တိုင်းပြည်တိုးတက် လာမယ် ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့၊ ကိုယ့်ရွာကိုလည်း ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဖက်ဒရယ် ပြည်ထောင်စုကိုလည်း ရရှိလိမ့်မယ်ဆိုပြီး ဟောပြောသွားကြတယ်’’ ဟု အဆိုပါ လူထုတွေ့ဆုံပွဲသို့တက်ရောက်သူ ဒေသခံကပြောသည်။ အဆိုပါလူထုတွေ့ဆုံပွဲတွင် ဒေါက်တာမျိုးညွန့်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးဆလိုင်းလျန်လွယ်နှင့် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့တို့က မဲဆွယ်တရားဟောပြောခဲ့ကြသည်ဟု သိရသည်။ ချင်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကို မတူပီနှင့် ကန်ပက်လက်မြို့နယ်တွင် ကျင်းပကြမည်ဖြစ်ပြီး မတူပီမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ ဦးအောင်ထန်းနှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) မှ ဦးအောင်လျန်းတို့သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့်အစီအစဉ်သည် ထန်တလန်မြို့ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းထားကြောင်း ထန်တလန်မြို့ စည်ပင်ကော်မတီအဖွဲ့ ယာယီ ဥက္ကဌ ဦးငူလ်ဟရမ်ကပြောသည်။ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် ထန်တလန်မြို့ အရပ်ဖက်အဖွဲ့အစည်းနှင့် ကျောင်းသားလူငယ်အဖွဲ့အစည်း (၄) ဖွဲ့မှ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဆန္ဒဖော်ထုတ်မည်ဟု သက်ဆိုင်ရာထံ စာတင်ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ “ကျွန်တော်တို့က အခုက ယာယီရပ်ဆိုင်းထားတယ် လုံးဝ မဆောက်တော့ဘူးလို့ ကျွန်တော်တို့အနေနှင့် ပြောလို့မရဘူး ဒါက ဘယ်တော့ဆိုရင်လည်း နှစ်ပေါင်း ဘယ်လောက်ကြာရင် သူတို့ပြန်လုပ်ရင်လုပ်မယ်လေ အခု ကျွန်တော်တို့ လောလောဆယ်တော့ ယာယီရပ်ဆိုင်းထားတယ် ဘယ်တော့ဆိုတာလည်း မပြောနိုင်သေးပါ” လို့ ဦးငူလ်ဟရမ်ကပြောသည်။ ထန်တလန်မြို့ အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် Thangtlang Youth Association (TYA), Thangtlang Sianghleiruun Chungkar (TSC), Chin Family Group (CFG) နှင့် Chin Women Support Organization (CWSO) တို့သည် ဆန္ဒပြရန်အတွက် အောက်တိုဘာလ (၈) ရက်၊ တနင်္လာနေ့က စာတင်ပြီး နောက်တစ်နေ့တွင် စည်ပင်သာယာရေးဌာနမှ ဌာနပေါင်းစုံခေါ်ပြီး အစည်းအဝေးများပြုလုပ်ကာ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည့်ကိစ္စကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးခဲ့သည့်အတွက် ဆန္ဒပြမည့်အစီစဉ်ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့သည်ဟု CWSO ဥက္ကဌ ဒေါ်တလွယ်ကြားကပြောသည်။ “လူထုတွေမကြိုက်တာကြောင့် ကျွန်တော်တို့ cancel လုပ်လိုက်ပြီ ဗိုလ်ချုပ်ပန်းခြံလို့လည်းမခေါ်တော့ဘူး ထန်တလန်ပြည်သူ့ပန်းခြံလို့ပဲခေါ်တော့မယ်၊ ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမယ့် အစီအစဉ်လည်းမရှိတော့ဘူး cancel လုပ်လိုက်ပြီ အဲလိုမျိုးဆိုတော့ ကျွန်မတို့လည်း ကျေးဇူးတင်တယ်…
ချင်းလူမျိုးများအများစု နေထိုင်ကြသည့် ကလေးမြို့နယ်၊ တာဟန်းနှင့် စမ်းမြို့ရပ်ကွက်တွင် ယခုရက်ပိုင်း အတွင်း အမည်မသိလူတစုမှ ညဘက်တွင် ဆိုင်ကယ်စီးရင်း လမ်းသွားလမ်းလာပြည်သူများအား လမ်းသရဲဆန်ဆန် တုတ်ဖြင့်လိုက်ရိုက်သည့်ဖြစ်ရပ် မကြာခဏဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရသည်။ အမည်မသိလူတစုသည် ဆိုင်ကယ်တစ်စီးတွင် (၃) ယောက်စီးနှင်းကာ တုတ်တစ်ချောင်းကိုင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများအား လူခြေတိတ်သည့်နေရာအရောက်တွင် သတိမေ့အောင်ရိုက်နှက်ကာ ဖုန်း၊ ပိုက်ဆံအိတ်နှင့် အဖိုးတန်ပစ္စည်းများ လုယူကြသည်ဟုသိရသည်။ တာဟန်း (B) ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်Sapneli သည် ယခုလဆန်းပိုင်း ည ၉ နာရီဝန်းကျင်ခန့်က ဆွေမျိုးအိမ်မှပြန်လာစဉ် ရိုက်နှက်ခံခဲ့ရသည်ဟု သူမကပြောသည်။ “ဆိုင်ကယ်မီးမဖွင့်ပဲ ကျွန်မနောက်ကလိုက်လာကြတယ် နားထင်ကိုလာပြီး ရိုက်တယ်ဆိုတာကိုတောင် မသိလိုက်ဘူး နားထင်ကနာတော့ ကိုင်ကြည့်တယ် အရမ်းမြန်တယ် ပြီးမှရိုက်တယ်ဆိုတာသိလိုက်ရတယ် ရပ်ကွက်လူငယ်တစ်ယောက်ကမြင်တယ် ရိုက်ခံရတာလားမေးတဲ့အချိန်ကြမှ ကျွန်မကိုရိုက်တဲ့ သူတွေက ပြေးသွားတယ်၊ အစမှာတော့ သူတို့ကျွန်မကို ရိုက်ပြီး တန်းမပြေးပဲ ကျွန်မလဲကျသွားမလားဆိုပြီး သူတို့က ကြည့်သေးတယ် ကျွန်မ ပိုက်ဆံအိတ်ကို ကိုင်ထားတယ် ဆွဲကြိုးလဲပေါ်နေတယ်ဆိုတော့ သူတို့က လုဖို့ရိုက်တယ်ထင်တယ် ရိုက်ပြီး တခါတည်းမပြေးသွားတဲ့ပုံစံက ရပ်ကွက်က လူငယ်တစ်ယောက်က ကျွန်မကို လှမ်းအော်မေးတဲ့အခါကျမှ သူတို့က ပြေးသွားတာ၊ အဲဒီလူငယ်က သူတို့ကိုဖမ်းဖို့လိုက်သွားတယ် ဒါပေမယ့်မမှီလိုက်ရဘူး၊ ကျွန်မကိုရိုက်တဲ့သူတွေ သူတို့လက်ထဲမှာ တုတ်တစ်ချောင်းတစ်တောင်လောက်ကိုင်ထားတာတော့ တွေ့လိုက်တယ်” ဟု ဒေါ် Sapneli က ပြောသည်။ ထို့အပြင် အောက်တိုဘာလဆန်းပိုင်းကလည်း စမ်းမြို့ရပ်ကွက်တွင် ပျဉ်းတောဦးကျေးရွာမှ အမျိုးသမီးတစ်ဦး နှင့် တာဟန်း (B) ရပ်ကွက်နယ်မြေမှူး ဦးpavuta ၏သား တာဟန်းအမှိုက်ပစ်ကားမောင်း ကိုZuia သည်လည်း…
ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ် The World Bank Myanmar Country Management Team မှ Mr. Martin Fodor ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက “ကျနော်တို့က ဒီလမ်းမကြီးကို မြန်မြန်ဆန်ဆန်လုပ်စေချင်တယ်၊ သူတို့ကလည်း Technician အပိုင်းကမပြီးသေးဘူး ဒီဇိုင်းတွေမပြီးသေးဘူး နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာတွေကို လေ့လာနေတယ် ပြီးရင်လုပ်ငန်းစမယ်ဆိုပြီး လာပြီးဆွေးနွေးတာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။ ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးစီမံကိန်းကို အစကနဦးပိုင်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်နိုင်ရန် ပြောဆိုခဲ့ကြသော်လည်း ယခု ကမ္ဘာ့ဘဏ်အကြီးအကဲများနှင့်တွေ့ဆုံချိန်တွင် မေးမြန်းကြည့်ရာ ဘယ်ချိန်စတင်နိုင်မည်ကို ကမ္ဘာ့ဘဏ်ဘက်မှ အဖြေမပေးနိုင်ခဲ့ဘူးဟု ၀န်ကြီးကဆက်ပြောသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် ပြည်ထောင်စုအစိုးရကို ဒေါ်လာသန်း (၂၀၀) ထုတ်ချေးရန် စီစဉ်ခြင်းဖြစ်ပြီး အဆိုပါငွေပမာဏထဲမှ ဒေါ်လာ (၆၆.၈) သန်းကို ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး နိုင်လွန်ကတ္တရာခင်းရန် ချင်းပြည်နယ်အစိုးရကို ထုတ်ချေးမည်ဖြစ်သည်။ ကလေး-ဖလမ်း-ဟားခါး အဆင့်မြှင့်တင်ရန် ကားလမ်းတိုးချဲ့ဖောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ၂၀၁၆ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော်လည်း ယင်းကဲ့သို့ဖောက်လုပ်သည့်နေရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်နစ်နာမှုများတွေ့ရှိသည်ဟု ဆိုကာ ဒေါ်လာ (၆၆.၈) သန်းထုတ်ချေးမည့်ကိစ္စကို ကမ္ဘာ့ဘဏ်မှ ပြန်လည်သုံးသပ်ရမည်ဟု ပြောဆိုကာ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြန်လည်ဆွေးနွေးခဲ့ကြရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်ဘက်မှတောင်းဆိုချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကွင်းဆင်းလေ့လာပြီး ဆုံးရှုံးနစ်နာမှုရှိသည့် ဒေသခံပြည်သူများကို နစ်နာကြေးအဖြစ် ကျပ်ငွေ သန်း (၂၀၀)…
ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မတူပီနှင့် ကန်ပက်လက်မြို့နယ်တွင် မဲပေးနိုင်သူ (၃၀၀၅၅) ဦးရေရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ အောက်တိုဘာလ (၁) ရက်နေ့ကစ၍ သက်ဆိုင်ရာမြို့နယ်များတွင် မဲစာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန် ကပ်ထားပြီးဖြစ်ကြောင်း မတူပီမြို့နယ်တွင် မဲပေးနိုင်သူ (၁၇၆၀၄) နှင့် ကန်ပက်လက်တွင် (၁၂၄၅၁) ဦးရေရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “လျှို့ဝှက်စွာမဲပေးနိုင်ဖို့ရည်ရွယ်ပြီးတော့လုပ်တယ် ပြီးတော့ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ မဲပေးခွင့် မဆုံးရှုံးအောင် အဲဒါလေးတွေ မဲစာရင်းလာကြည့်တဲ့အခါမှာ ရွေးကောက်ပွဲနေ့မှာ မဲရုံအဖွဲ့တွေရော၊ ရပ်ကျေးတွေကရော လျှို့ဝှက်မဲပေးနိုင်ဖို့ရယ် မဲပေးပိုင်ခွင့်ရှိတဲ့လူ မဲပေးဖို့မဆုံးရှုံးဖို့ ဒါတွေကိုလည်းလုပ်သွားမယ်၊ လွတ်လပ်မျှတပြီး မဲပေးခွင့်ရရှိဖို့ ရပ်ကျေးကော်မရှင်၊ မဲရုံအဖွဲ့တွေက အဓိက ကြီးကြတ်ပြီး ပံ့ပိုးပေးသွားမယ်” ဟု ဦးလင်းကျော်က ပြောသည်။ ကန်ပက်လက်နှင့် မတူပီမြို့နယ်ရှိ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်များကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကစ၍ ရွေးကောက်ပွဲကော်မရှင်မှ သင်တန်းများပြုလုပ်ပေးကာ ၎င်းတို့မှတဆင့် မဲဆန္ဒရှင်ပြည်သူ တွေဆီ အသိပညာပေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဦးလင်းကျော်ကပြောသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရန်အတွက် မသန်စွမ်းအမျိုးအစား (၄) မျိုးထဲမှ အမျိုးအစားပေါ်မူတည်ပြီး မဲရုံပြင်ဆင်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုမှ မဲရုံတစ်ရုံအတွက် ကျပ်သုံးသောင်းခွင့်ပြုထားသည်ဟု သိရသည်။ ကန်ပက်လက်မြို့ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မတူပီမြို့ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် Election Commission of India (ECI) မှ တရာဝင်ကြေညာခဲ့သည်။ ယခုနှစ် မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲသည် ယခင်နှစ်များထက် လူထုစိတ်ဝင်စားမှု ပိုမိုမြင့်တက်နေပြီး အထူးသဖြင့် လက်ရှိအစိုးရ ကွန်ကရက်ပါတီနှင့် အင်အားကြီးအတိုက်အခံ Mizo National Front (MNF) ပါတီ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဟု ယူဆရသည်။ မကြာသေးခင်ရက်ပိုင်းက မီဇိုရမ်အစိုးရ ကွန်ကရက်ပါတီ၏ ဒု-ဥက္ကဌလည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ Pu R. Lalzirlina နှင့် လွတ်တော်ကိုယ်စားလှယ် Pu Lalrinliana Sailo တို့သည် ၎င်းတို့ရာထူးနှင့် ပါတီမှ အသီးသီးနှုတ်ထွက်ပြီး MNF ပါတီသို့ ကူးပြောင်းခဲ့မှုသည် မီဇိုရမ်ရွေးကောက်ပွဲ အခင်းအကျင်းကို အရှိန်အဟုန်မြင့်စေခဲ့သည်။ တဖက်တွင်လည်း လူကြိုက်များသည့် ၀ါရင့်နိုင်ငံရေးသမား Pu Lalduhawma ဦးဆောင်သည့် ပညာတတ်အသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်း (၇) ဖွဲ့ဖြင့် စုဖွဲ့ထားသည့် Zoram People’s Movement (ZPM) သည်လည်း ကွန်ကရက်နှင့် MNF ပါတီအတွက် လျှော့တွက်၍မရသည့် ပါတီတစ်ခုဖြစ်လာသည်။ မဲဆန္ဒနယ်မြေ (၄၀) နေရာရှိသည့် မီဇိုရမ်ပြည်နယ်တွင် ယခင်နှစ်များကဲ့သို့ ပါတီတစ်ခုတည်းအနေဖြင့် အပြတ်အ သတ်အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်သည့် အခြေအနေရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။ မီဇိုရမ်တစ်ပြည်နယ်လုံးတွင် မဲပေးနိုင်သူဦးရေ (၇၆၈၁၈၁) ခုနှစ်သိန်းကျော်ရှိပြီး၊ မဲဆန္ဒနယ် (၄၀) တွင် မဲရုံ…
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရွာအနီးတွင် ယမန်နေ့က ယာဉ်တစ်စီး ချောက်ထဲထိုြး ကမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိသည်ဟုသိရသည်။ အောက်တိုဘာလ (၄) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်ခန့်က ဇမ်ရှင်းဟောက် (၁၉) နှစ် (ဘ) ဦးပေါင်ဆွင်းခမ် မောင်းနှင်သည့် SKAT (ဖြူ) ကားတစ်စီးသည် နတ်ဇန်ကျေးရွာမှသဲများ တင်ဆောင်လာစဉ် တွန်းဇံ-ကျီခါးလမ်းတွေန်းဇံမြို့မှ (၅) ဖာလုံခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ အနက်ပေ (၁၂၀) ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဇမ်ရှင်းဟောက်သည် အခင်းဖြစ်ပွားနေရာတွင်သေဆုံးပြီး ယာဉ်နောက်လိုက် (၂) ဦးဖြစ်သည့် ဆွင်ဗျက်ဆန် (၂၀) နှစ် (ဘ) ဦးဇင့်ရှင်းထန်နှင့် ဒါလ်းဇကပ် (၂၀) နှစ် (ဘ) ဦးထန်ဆွင်း ထောင်တို့သည် ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တွန်းဇံမြို့ဒေသခံတစ်ဦးထံမှ သိရသည်။ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ချောက်ထဲပြုတ်ကျကာ နာကျင်ဒဏ်ရာများနှင့်အသက်သေစေအောင် မောင်းနှင်ခဲ့သူ ဇမ်ရှင်းဟောက်အား ယာဉ် (ပ) ၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄ တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးမပြုဘဲ အလှူရှင်များ၏ထောက်ပံ့ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ ဗိုလ်ချုပ်ကြေးရုပ်ကို အလှူရှင် တစ်ဦးက သိန်းသုံးရာလှူဖို့လုပ်ထားတယ် သူကအစအဆုံး တာဝန်ယူပြီးတော့ ပြီးစီးတဲ့ထိ တာဝန်ယူလှူဖို့ရှိတယ် ကျွန်တော်တို့က နိုင်ငံတော် ဘတ်ဂျက်ကိုမသုံးဘူး ဒါကလူထုထည့်ဝင်ငွေနှင့်ပဲ နောက်ပြီးတော့ ဒါကို အသင်းအဖွဲ့တွေ အလှူရှင်နှင့်ပဲလုပ်မှာပါ” ဟု ဦးစိုးထက်ကပြောသည်။ ဗိုလ်ချုပ်ကြေးရုပ်ကို ချင်းပြည်နယ် ဟာခါးမြို့နှင့် ထန်တလန်မြို့တွင်ထားရှိမည်ဖြစ်ပြီး ကြေးရုပ်တုကိုလည်း စစ်ကိုင်းတိုင်းတွင် မှာထားပြီဟု စည်ပင်ဝန်ကြီးကပြောသည်။ ချင်းပြည်နယ်တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စအပေါ် ထန်တလန်မြို့ဒေသခံများက ကန့်ကွက်မှုများရှိနေပြီး ဗိုလ်ချူပ်ကြေးရုပ်ထက် ချင်းသူရဲကောင်း ခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာ ထားရှိရန်လိုလားနေကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးဦးစိုးထက်က “အရင်တုန်းကတော့ ကန့်ကွက်ကြတယ် ဒါပေမယ့် ကျွန်တော်တို့ အခုနိုင်ငံတော်ဘဏ္ဍာငွေမပါတော့ပဲနှင့် ပြည်သူတွေက အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနှင့်ဆိုတော့ ပုံစံတမျိုးပေါ့ နောက်ပြီးတော့ ဟိုအရင်တုန်းကတော့ ဗိုလ်ချုပ်ပန်းခြံ ဘာညာ အဲလိုဆိုတာကို နည်းနည်း ပထမပိုင်းမှာတော့ ကန့်ကွက်တာရှိပါတယ် အခုကတော့ ကျွန်တော်တို့က အဲဒီနေရာက ပြည်သူလူထုအားလုံးအပန်းဖြေတဲ့ ပြည်သူ့ပန်းခြံ အဲလိုလေး ရည်ရွယ်ပြီးတည်ဆောက်တာဖြစ်ပါတယ် ပြည်သူပန်းခြံအနေနှင့်တည်ဆောက်တယ်” ဟု ဦးစိုးထက်ကရှင်းပြသည်။
