(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားကြသည့် CDF – ထာဒို တပ်ဖွဲ့နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA – EC) တို့ကြား စစ်သုံ့ပန်းများ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။
မေလ ၁၆ ရက်က တိုက်ပွဲများအတွင်း ဖမ်းဆီးခံထားရသော CDF – Thado (ထာဒို) တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဇိုမီးတော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးတို့သည် စစ်သုံ့ပန်းများ လဲလှယ်မှု ညိနှိုင်းခြင်းအရ အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန် ရေးအင်အားစုတချို့ထံမှ သိရသည်။
“CDF – Thado က တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ CNA က ဖမ်းဆီးထားတဲ့ ZRA တပ်ဖွဲ့ဝင် ၁ ဦးတို့ အဲဒါကို လဲလှယ်တာပါ။ အဲဒါက အကုန်လုံးလည်း အဆင်ပြေကြပြီ။ ZRA စစ်သား တယောက်လည်း ZRA တွေရဲ့ လက်ထဲကို ရောက်ပြီ။ CDF – Thado က ၄ ယောက်ကိုလည်း CDF – Thado လက်ထဲ ရောက်ပြီ” ဟု တွန်းဇန်မြို့ဒေသခံ ၁ ဦးထံမှ သိရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း CDF – Thado တပ်ဖွဲ့ဝင် ၄ ဦးကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းထားခြင်းဖြစ်ပြီး ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း လဲလှယ်မှုနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“တိုက်ပွဲမှာ ဖမ်းဆီးသူတွေ ပြန်လဲတာပေါ့။ ZRA ကို CNA က ဖမ်းတာပါ၊ CDF – Thado က ZRA နဲ့ ညှိပြီး သူတို့လူတွေနဲ့ လဲချင်တယ် လာပြောလို့ ZRA ကို လွှတ်ပေးလိုက်တာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။
CDF – Thado တပ်ဖွဲ့သည် တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ကြောင်း၊ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့သည် တွန်းဇံမြို့ကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။