(006SV)
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီး မရာဒေသရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို CNA နှင့် CDF – မရာကို သတင်းများပေးပို့သည့် အထောက်အထားများ ရရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)၊ ကာကွယ်ရေးအတွင်းရေးမှူး ကိုဓူဝံက ပြောသည်။
ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦးရာခယ်ကို မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့ ဝင်များက ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီး၍ ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကိုဓူဝံက ပြောသည်။
“ကျနော်တို့က လောလောဆယ် လုံခြုံးရေးအရ သတင်းတွေ ပေးနေတာကို အထောက်အထားနဲ့ ရှိတယ်။ အဲဒါကြောင့် ရွာမှာ ထားလိုက်ရင် ကျနော်တို့ လုံခြုံရေးကို ထပ်ပြီးမှ သတင်းတွေ ထပ်ပို့နေမယ်။ အဲဒါဆိုရင် ကျနော်တို့ လုံခြုံရေးအတွက် မကောင်းဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့အတူ ခဏထိန်းသိမ်းထားတာပါပဲ” ဟု MDF ကာကွယ်ရေးအတွင်းရေးမှူးက ပြောသည်။
ပါဆင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကိုဖြစ်သူတို့ကို သတင်းလုံခြုံမှုအတွက် မိမိတို့ တပ်ဖွဲ့နှင့်အတူ ခဏထိန်းသိမ်းထား ခြင်းဖြစ်ပြီး ဖမ်းဆီးခြင်း သဘောမျိုး မဟုတ်ကြောင်း ကိုဓူဝံက ပြောသည်။
၎င်းတို့သည် MDF တပ်ဖွဲ့ဝင်များ ပါဆင်းရွာကို ရောက်သည့်အချိန်တွင် CNA နှင့် CDF – မရာကို သတင်းများ ပေးပို့နေသည်ဟူ၍ မြေပြင်တပ်မှူးများက သတင်းများ ပေးပို့လာပြီး နှစ်ပတ်နီးပါး စောင့်ကြည့်ခဲ့ပြီးနောက် သက်သေအထောက်အထားများ ခိုင်လုံသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ကိုဓူဝံက ပြောသည်။
ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ရပ်ရွာက တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး CDF တွေက ခန့်ထားသည့် အုပ်ချုပ်ရေးမှူး မဟုတ်ကြောင်း၊ ၎င်း၏ အစ်ကိုဖြစ်သူမှာလည်း နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်ကြောင်း ပါဆင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“အပြစ်မဲ့ ပြည်သူတွေကို လက်နက်ကိုင်ပြီး ခြိမ်းခြောက်ဖမ်းဆီးတာက တော်တော်လေးလည်း စိတ်မကောင်းဖြစ်ရတယ်။ ခုချိန် ထိလည်း အဆက်အသွယ်က မရသေးဘူး၊ ကိုယ့်ဒေသလွတ်မြောက်အောင် တိုင်းရင်းသား ညီအစ်ကိုတွေက ကြိုးစားနေတဲ့အချိန်မှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာက ကျနော်တို့က ကန့်ကွက်တယ်။ သူတို့ကို ကျန်းကျန်းမာမာနဲ့ ချက်ချင်း ပြန်လွတ်ပေးဖို့ ကျနော်နဲ့ ရွာသားတွေက တောင်းဆိုချင်တယ်” ဟု ပါဆင်းရွာ ဒေသခံက ပြောသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ၏ အင်အား ၅၀ ခန့်သည် ပါဆင်းကျေးရွာအနီးတွင် ရောက်ရှိနေသည်မှာ နှစ်ပတ်ကျော် ရှိနေပြီးဖြစ်ကြောင်း သိရသည်။
မရာဒေသတွင် CNA ၊ CDF- မရာ ချင်းပူးပေါင်းတပ်ဖွဲ့နှင့် MDF တို့ကြား နှစ်လနီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့ရာ လက်ရှိမှာ ဘာသာရေးခေါင်းဆောင်များ၏ စေ့စပ်ညှိနှိုင်းပေးမှုလည်းရှိနေသည်ဟု သိရသည်။