တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်နဲ့ ဆက်သွယ်မေးမြန်းချက်
(006SV)
ချင်းပြည်နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ တွန်းဇန်မြို့နယ်ဟာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်ပါတယ်။ ယခင်က တွန်းဇံမြို့ပေါ်မှာ နေရာယူတပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ ကာကွယ်ရေး တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် မေလမှာ တိုက်တိုက်သိမ်းပိုက်ပြီးနောက် နယ်မြေခံတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang/ Tonzang Township Council ကနေ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ဒေသဖြစ်ပါတယ်။
စစ်ကောင်စီကင်းစင်သွားပြီဆိုပေမယ့် မြို့သိမ်းတိုက်ပွဲအပြီး ၁ နှစ်နီးပါးအကြာမှာတော့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်မှာ စစ်ရေး လှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေးတပ် (ZRA) က CDF – တွန်းဇန်နဲ့ ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို စစ်အင်အား အလုံးအရင်းနဲ့ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိလာပါတယ်။
ယခု ဧပြီလအတွင်းမှာပင် ZRA တပ်ဖွဲ့တွေက တွန်းဇန်မြို့ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိသလို စစ်ရေးက ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။
တွန်းဇန်မြို့နယ်ထဲက ကျေးရွာ ၂ ရွာဟာလည်း ZRA တပ်ဖွဲ့တွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို မြို့ပေါ်နဲ့ စစ်ပွဲဖြစ်ပွားတဲ့ နေရာအနီးက ကျေးရွာဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ယခုလက်ရှိ တွန်းဇံမြို့ရဲ့ စစ်ရေးအခြေအနေ၊ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေအကြောင်း နဲ့ ZRA တပ်ဖွဲ့ရဲ့အနေ အထားနဲ့ပတ်သက်ပြီး တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ပူးထန်ဆွင်းမုန်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။
မေး – တွန်းဇန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့ထံကနေ ဆရာတို့ သိမ်းပိုက်တဲ့အခြေအနေ နဲ့ ZRA တပ်ဖွဲ့နဲ့ တိုက်ပွဲစတင်ဖြစ်ပွားရတဲ့အခြေအနေကို အရင်ဆုံးရှင်းပြလို့ရမလား?
ဖြေ – ကျနော်တို့ အခု ဖြစ်ပျက်တဲ့ နေရာ CDF – တွန်းဇန် တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားတဲ့၊ ကွပ်ကဲတဲ့ နေရာဖြစ်တယ်၊ တွန်းဇန်မြို့ နယ်ဖြစ်တယ်။ တွန်းဇန်မြို့နယ်ကောင်စီရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ မြို့နယ်တခုပါ။ ကျနော်တို့က ၂၀၂၄ မေလမှာ တွန်းဇန်မြို့ သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတော့ တွန်းဇံမြို့နယ် တခွင်လုံးကို သိမ်းပိုက်ပြီးစီးသွားပြီ။ အဓိက ချင်းလဲန်းကောင်စီ ကာကွယ်ရေး ဝန်းကြီးဌာနအောက်မှာ ရှိတဲ့ CDF တွေအပါအဝင် CNA နဲ့ တပ်ပေါင်းစုတွေ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ထုတ်ပြီး သိမ်းယူထားတာဖြစ်တယ်။ ကျနော်တို့ တပ်ပေါင်းစုက တွန်းဇန်မြို့နယ်တခွင်လုံးကို သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ CDF – တွန်းဇန် ကော်မတီကနေ တွန်းဇန်မြို့နယ်ကောင်စီကို ဖွဲ့စည်း ထူထောင်လိုက်တယ်။ ဖွဲ့စည်းလိုက်တဲ့အခါမှာ တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအမည်အစား တွန်းဇန်မြို့နယ်ကောင်စီဆိုပြီးတော့ တွန်းဇံမြို့နယ်တခွင်လုံးကို အုပ်ချုပ်နိုင်ခဲ့တယ်။
အဲဒီအချိန်မှာ ကျနော်တို့က မြို့သိမ်းတိုက်ပွဲ ပြီးတာနဲ့ ကျီခါးမြို့မှာ မထိုင်နိုင်ဘူး။ ကျီခါးမြို့မှာက ကျနော်တို့ တပ်ပေါင်းစုက စစ်ကောင်စီရဲစခန်း၊ တပ်ကုန်းတို့ကို မီးရှို့ဖျက်ဆီးထားတယ်။ ဒါပေမယ့် ကျီခါးမြို့မှာ မထိုင်နိုင်ဘူး။ မထိုင်နိုင်တော့ ZRA က ကျီခါးမှာ အခွင့်ကောင်းယူပြီးတော့ ကျီခါးမှာ စခန်းထိုင်ကြတယ်။ အဲဒီကနေ တွန်းဇန်မြို့ကို တိုက်ဖို့ ဆင်းလာတယ်။ ပထမမှာ Mualkawi မှာ ကျနော်တို့ စီးကြိုတိုက်ခိုက်နိုင်ခဲ့တယ်။။ Mualkawi ဆိုတာ တွန်းဇန်နဲ့ ၁၂ မိုင်လောက်ပဲ ဝေးကွာတယ်။ ဒုတိယအကြိမ် တွန်းဇန်တိုက်မယ်ဆိုပြီး ကျီခါးကနေ ပြန်ဆင်းလာကြတယ်။ ကျနော်တို့ သတင်းရ, ရခြင်းပဲ မြို့က ပြည်သူတွေ အန္တရာယ် မကျအောင်၊ စစ်ဘေး မရှောင်ရအောင်ဆိုပြီး ကျနော်တို့က Tuikhing ရွာ မှာ စီးကြိုတိုက်ခိုက်ရတယ်။ လက်ဦးမှု ရယူတယ်။ အဲဒါနဲ့ သူတို့က တွန်းဇန်မြို့ကို မကပ်နိုင်ဘူး။ ကျနော်တို့က Tuikhing ရွာမှာ စခန်းမထိုင်ပဲနဲ့ Mualkawi မှာပဲ စခန်းထိုင်လိုက်တယ်။
မွှာလ်ကွာလ်မှာက CNA တပ်ဖွဲ့၊ CDF – တွန်းဇန်တပ်ဖွဲ့နဲ့ CDF – ထာဒိုရ်တပ်ဖွဲ့တို့ ပူးပေါင်းစခန်းထိုင်တယ်။ တွန်းဇန်မြို့ပေါ်မှာ တော့ ကျနော်တို့ CNA နဲ့ CDF – တွန်းဇံက စခန်းထိုင်ကြတယ်။ အဲဒါကို တတိယအကြိမ်မှာ သူတို့က အင်အား အလုံးအရင်းနဲ့ အင်အား ၅၀၀ ခန့်နဲ့၊ Mualkawi စခန်းကို တိုက်တဲ့ တဖွဲ့က တိုက်၊ ပြီးတော့ တွန်းဇန်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ညှပ်ပြီးတော့ ထိုးလာတယ်။ တွန်းဇန်ကိုတော့ အင်အား ၄၀၀ လောက်နဲ့ ဝင်လာတယ်။ Mualkawi ရွာကို အင်အား ၁၀၀ လောက်နဲ့ ဝင်ကြတယ် ။ မနက်ပိုင်း ၅ နာမှာ Mualkawi ကို တိုက်ကြတယ်။ တွန်းဇန်ကို မနက် ၁၀ နာရီလောက်မှာ တိုက်တယ်။ ကျနော်တို့ကို ဒီလို ၃ ကြိမ်တိတိ တိုက်တယ်။ သူတို့က မအောင်မြင်ဘူး။ ပြီးတော့ နောက်ဆုံးတကြိမ် ဧပြီမှာပဲ တွန်းဇန်ကို ပြန်ပြီးတော့ တိုက်တယ်။ အင်အားအလုံးအရင်းနဲ့။ အင်အား ၃၀၀ နဲ့ ပြန်လာတယ်။ ဒါပေမယ့် သူတို့က အထိအခိုက်အသေအဆုံး များပြီးတော့ ပြန်လည် ဆုတ်ခွာကြတယ်။ တွန်းဇန်စခန်းကို လာတိုက်တာက နှစ်ကြိမ် တိတိပေါ့နော်။ ZRA က အင်အား ဘယ်လောက် များများ၊ CDF – တွန်းဇန်တပ်ဖွဲ့၊ CNA တပ်ဖွဲ့၊ CDF – Hualngoram၊ CDF – ထာဒို တပ်ဖွဲ့က ရွပ်ရွပ်ချွန်ချွန် ခုခံတိုက်ခိုက်မှုကြောင့် သူတို့ရဲ့ မြို့သိမ်းတိုက်ပွဲ လုံးဝ မအောင်မြင်ဘူး။ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်။ တွန်းဇန်ကို ပထမလာတိုက်တော့ အရှက်ကွဲပြီး Nakzang နဲ့ Buangmual ကျေးရွာကို အပြန်လမ်းမှာ မီးရှို့သွားကြတယ်။
မေး – လက်ရှိ တွန်းဇန်စစ်ရေးမှာ ZRA က ပြန်ဆုတ်သွားပြီလား၊ တိုက်ပွဲထပ်မံဖြစ်နိုင်တဲ့ အလားအလာ ရှိပါသလား။
ဖြေ – ဒီတခါကတော့ ကျနော်က သိပ်မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က အထိအခိုက်တအား များလွန်တယ်။ သူတို့ ကြေညာတာက ၆ ဦးဆိုပေမယ့် အထိအခိုက်က အဲထက် ပိုများနိုင်တယ်။ ပြီးတော့ အိန္ဒိယဘက်က Lamka မြို့မှာလည်း သူတို့ ပြသနာ တက်ကြတယ်။ ZRA ကို ကျနော်တို့က သွားတိုက်တာ မဟုတ်ပဲနဲ့ သူတို့က လာတိုက်လို့ ကျနော်တို့က ခုခံတာပဲ ရှိတယ်။ ဒါပေမယ့် အခုက သူတို့က ကျနော်တို့ကို လာတိုက်နေတော့ အကုန်အကျ တအားများတယ်။ ကျနော်အနေနဲ့ သူတို့ကို အမြန်ဆုံး ချေးမှုန်းတိုက်ထုတ်ဖို့ အစီအစဉ် ဆွဲထားတယ်။ ပြန်လာရဲရင် ပြန်လာကြပေါ့ ။ ကျနော်တို့က ဒီမှာ အဆင်သင့် စောင့်နေတာပဲလေ ။ သတင်းအရတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ထောက်ပံ့တယ်တဲ့။ လက်နက်တွေ ရရင် ပြန်လာမယ်လို့တော့ သတင်း တွေ ထွက်နေတာပေါ့နော်။ ZRA အနေနဲ့ သူတို့ဘာသာတော့ ပြန်လာဖို့ လွယ်မှာ မဟုတ်ဘူး။ စကစ အခိုင်အမာနဲ့ တပ်စွဲထားတာ ကိုတောင် ကျနော်တို့ မောင်းထုတ်နိုင်သေးတာပဲ။ စကစနဲ့ ZRA ပူးပေါင်းထားတာလေ။ ZRA က မီးသတ်ကုန်းမှာ စခန်းအထိုင်ချ တယ်။ စကစက ရိပ်သာ၊ ကိုဗစ် စင်တာ၊ နတလ တို့မှာ အခိုင်အမာ တပ်စွဲထားတာတောင် ကျနော်တို့ တိုက်ထုတ်နိုင်သေးတာပဲ။ အခုက ကျနော်တို့က တောင်ကြောတခုလုံးမှာ နေရာယူထားပြီးပြီ။ ကျနော်တို့က တွန်းဇန်မြို့နယ်ကို ZRA ကို တလက်မတောင်မှ ဖဲ့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က လုံးဝနောက်မဆုတ်ဘူး ငြိမ်းချမ်းရေးမယူဘူး၊ အလင်းမဝင်ဘူး ဆိုရင် ကျနော်တို့က အကုန်လုံး သိမ်းမှာ။ ကျနော်တို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တပ်ပေါင်းစုနဲ့က သူတို့ကို အပြီး မောင်းထုတ်မှ ရတော့မယ်။ ကျနော်တို့ ကလည်း ဘာပဲဖြစ်ဖြစ် အသေအကြေ ရှိတယ်။ ပထမတုန်းက ကျနော်တို့က တယောက် ကျတယ်။ ဒုတိယမှာ ၄ ဦး ကျဆုံးတယ်။ တတိယမှာ ကျနော်တို့ ရဲဘော် ၄ ဦး ထပ်ကျတယ်။ အခုလည်း တခြား ၂ဦး ထပ်ကျဆုံးတယ်ဆိုတော့ အခုက ၁၀ ဦး ဝန်းကျင် ရှိနေပြီး ကျဆုံးတာ။ ဒီတခါ ထပ်လာရင် တခါတည်း အိန္ဒိယအထိ မောင်းထုတ်မှာ။ အထိအခိုက်ကို သိပ်မခံနိုင်တော့ဘူး။ လူမျိုး အချင်းချင်းဆိုပေမယ့် ကျနော်တို့ ဆက်သည်းခံနိုင်မှာ မဟုတ်တော့ဘူး။ ဒီတွန်းဇန်မြို့နယ်ဟာ ZRA တွေရဲ့ စစ်ရေးလှုပ်ရှားမှု နယ်မြေ မဟုတ်ဘူး။ ZRA တွေက အိန္ဒိယမှာ နေတယ်။ အိန္ဒိယ၊ မဏိပူရ်အစိုးရရဲ့ နယ်ခြားစောင့်တပ်သာ ဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းမှပဲ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ဘက်ကို ဝင်ပြီးတော့ နေရာ လာလုတာဖြစ်တယ်။ သူတို့က စကစနဲ့ ပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ တွန်းဇန်မြို့ပေါ်မှာ ၆ လလောက်ပဲ နေဖူးတာပါ။ ကျန်တဲ့ ဟာက အာဏာမသိမ်းမှီက ZRA က ချင်းပြည်နယ်မှာ မနေထိုင်ပါဘူး။ အိန္ဒိယ ၊ မဏိပူရ်ဘက်မှာပဲ နေတာပါ။ တွန်းဇန်ဆိုတာ ဇိုမျိုးနွယ်စုတွေ နေထိုင်တဲ့ နေရာဖြစ်ပါတယ်။ တွန်းဇန်မြို့ကို ကျနော်တို့ လုံးဝ အပါခံမှာ မဟုတ်ပါဘူး။
မေး – ZRA ကို စစ်ကောင်စီက လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးတယ်ပြောတယ်။ ZRA နဲ့ စစ်ကောင်စီကြားက ဆက်ဆံရေး က ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ – သူတို့ကြားမှာ အခိုင်အမာရှိတယ်။ အရင်က ချင်းပြည်အစိုးရရဲ့ အားကစားနဲ့ လူမှုရေး ဝန်ကြီးဟောင်း ပေါင်လွန်မင်းထန် ကိုယ်တိုင်က စစ်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ ရှိတယ်။ ဒီတခါမှာလည်း ZRA လက်ထဲကနေ စစ်ကောင်စီတပ်ရဲ့ ဝေါ်ကီတော်ကီ ၁ လုံးကို မိထားတာရှိတယ်။ အဲဒါကြောင့် သူတို့ကို စစ်ကောင်စီက ဝေါ်ကီတော်ကီအပါ MA မောင်းပြန်သေနတ်တွေ ထောက်ပံ့ တယ်ဆိုတာ သေချာပါတယ်။ သူတို့က အစကတည်းက ပေါင်းပြီးသာပဲ။ မြို့သိမ်းတိုက်ပွဲကတည်းက သူတို့ အတူတူနေထိုင်ကြ တာပါ။ အခုကလည်း စကစ ကိုင်တဲ့ ဝေါ်ကီတော်ကီတောင်မှ ZRA ဆီက ရထားတယ်။ သူတို့က လက်နက်ထောက်ပံ့တယ်ဆိုတာ လည်း အမှန်အကန်ပါ။
မေး – ZRA တပ်က တွန်းဇန်မြို့ကို မကြာခဏ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ဘာကြောင့်ပါလဲ၊၊ သူတို့ ရည်ရွယ်ချက်က ဘာလဲခင်ဗျာ။
ဖြေ – မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ ကျနော်တို့က မျိုးနွယ်စုတွေ၊ မြို့နယ်တွေအနေနဲ့ လက်နက်ကိုင်တပ်တွေကို ထူထောင်ကြတယ်။ အဲဒီအချိန်မှာ ZRA က ဘယ်လိုကြေညာသလဲဆိုရင် တီးတိန်၊ တွန်းဇန်၊ ကလေး၊ ကဘော် တဝိုက်မှာ ZRA လက်နက်ကိုင်တပ်က လွဲ၍ ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိရဆိုပြီးတော့ ကြေညာတာ ရှိတယ်။ PDA စတင်တည်ထောင်တုန်းက သူတို့က စခန်းကို မီးရှို့ဖျက်ဆီးကြတယ်။ ပြီးတော့ PDF – Zoland စခန်းကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ CDF – Hualngoram စခန်းကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ ပြီးတော့ ကျနော်တို့ CDF – တွန်းဇန်ကိုလည်း ၂ ခါ လာတိုက်တယ်။ ပထမတခါမှာ ကျနော်တို့ ရဲဘော် ၁ ဦးကျဆုံးတယ်။ ဒုတိယအခါမှာလည်း ရဲဘော် ၁ ယောက် ကျဆုံးတယ်။ တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို သူတို့က ဇိုမီးပြည်နယ်ပုံစံအနေနဲ့ ပြည်နယ်တခု ထူထောင်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ CDF တွန်းဇန်ကတော့ ချင်းလဲန်း ကောင်စီ၊ ချင်းပြည်အစိုးရ ၊ အခုက ချင်းအမျိုးသားကောင်စီ( ချင်းနှစ်ဖွဲ့ ပူးပေါင်းနိုင်ရေးဆောင်ရွက်နေတဲ့ ကောင်စီသစ်အမည်)ရဲ့ လက်အောက်မှာပဲ နေဖို့ CDF – တွန်းဇန်က စီစဉ်ထားတယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာပါ။
မေး – တွန်းဇံမြို့ပေါ်က ဒေသခံပြည်သူတွေဟာ လက်ရှိတိုက်ပွဲကာလမှာ စစ်ဘေးရှောင်ရတဲ့ အခြေအနေ ရှိနေပါသလား။
ဖြေ – ZRA ဝင်လာမယ်ဆိုပြီး ခဏ၊ ခဏ စစ်ဘေးရှောင်ကြတယ်။ အခုလည်း စစ်ဘေးရှောင်ကြတယ်။ ZRA က ပထမမှာ နှစ်ရက်တိုက်ခိုက်နိုင်တယ်။ ကျနော်တို့ကလည်း ကောင်းကောင်း ခုခံနိုင်တယ်။ ဒီတခေါက်မှာက သူတို့က ၈ နာရီလောက်ပဲ၊၊ နောက်တရက်မှာ နာရီဝက်လောက် ပြန်လာတိုက်တယ်။ အထိအခိုက်အကျအဆုံး များပြီးတော့ အကုန်လုံး ပြန်ဆုတ်သွားတာ။ အခုကတော့ စစ်ဘေးရှောင်တွေ နည်းနည်းပါးပါး ပြန်လာကြတယ်။ စစ်ဘေးရှောင်တာက အနီးအနားက ရွာတွေမှာ စစ်ဘေးရှောင်နေကြပါတယ်။
မေး – စစ်ဘေးရှောင်တွေဟာ ဘယ်လို အကူအညီတွေ လိုအပ်နေပါသလဲ။
ဖြေ – အကူအညီကတော့ လိုတာပေါ့ဗျာ။ Nakzang နဲ့ Buangmual ကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရတော့ ကျနော်တို့ တွန်းဇန် မြို့နယ်ကောင်စီ အနေနဲ့ သူတို့ကို အရင်က ဌာနအဆောက်အအုံ ဟောင်းတွေမှာ နေရာပေးထားတာ ရှိတယ်။ အဲဒါကနေ တဆင့် အခုက စစ်ဘေးထပ်ရှောင်ကြရတာ။ Nakzang နဲ့ Buangmual ကပြည်သူတွေ တွန်းဇန် မြို့မှာ စစ်ဘေးလာရှောင်ကြတယ်။ တွန်းဇန်ကို ထပ်တိုက်လာတော့ တွန်းဇန်ကနေ တနေရာကို စစ်ဘေးရှောင်နေကြရတယ်။ အဲဒါကြောင့် စိတ်မကောင်းဘူး။ အကူအညီတွေက လိုအပ်တာ အမှန်ပါ။ စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ အမျိုးမျိုးပေါ့၊ ဆေးဝါးကအစ ကူညီနိုင်တဲ့ လူတွေအနေနဲ့ ကူညီကြပါ။ ကျနော်တို့ တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌအနေနဲ့ အကူအညီတောင်းပါတယ်။
မေး – တွန်းဇန်မြို့ရဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလားခင်ဗျာ။
ဖြေ – ZRA က ကျနော်တို့ကို တိုက်တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တပ်ပေါင်းစုက တွန်းဇန်မြို့နယ် မြို့သိမ်းတိုက်ပွဲ မဆင်နွဲခင်မှာ ZRA က ကျနော်တို့ CDF – တွန်းဇံ တပ်ဖွဲ့ကို ၂ကြိမ် တိတိ လာရောက်တိုက်ခိုက် တယ်။ မြို့သိမ်းတိုက်ပွဲ မဖြစ်မီက CDF – တွန်းဇန်ကပဲ အထိနာတယ်။ နောက်ပိုင်းတိုက်ပွဲတွေမှာ သူတို့ပဲ အထိနာတယ်။ သူတို့မှာ ထိခိုက်သေဆုံးမှုတွေဟာလည်း များနေပြီး။ အိန္ဒိယဘက်မှာ သူတို့ဟာ တော်တော်လေး သဘောထား ကွဲလွဲနေကြပြီ။ ဆိုတော့ ZRA တွေက တွန်းဇန်မြို့ကို ဘာဖြစ်လို့ လာတိုက်နေတာလဲ။ ဇိုမျိုးနွယ်စုတွေကို လူမျိုးသုဉ်းဖြစ်စေချင်တာလား။ ပြီးတော့ ဇိုမီးပြည်နယ် သီးသန့် ထူထောင်ချင်လို့ လာတိုက်တယ်ဆိုရင် အဲဒါကို သူတို့ အောင်မြင်မှာ မဟုတ်ဘူး။ တွန်းဇန်မြို့နယ်ဆိုရင် ဇိုမျိုးနွယ်စုနဲ့ ထာဒိုမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ မြို့နယ်ဖြစ်တယ်။ ဒီမျိုးနွယ်စု ၂ စုက လုံးဝ မထောက်ခံဘူးဆိုရင် သူတို့က ဘယ်လောက်ပဲ ရည်ရွယ်ချက်ရှိရှိ ၊ အင်အား ကောင်းကောင်း ၊ သူတို့ ရည်ရွယ်ချက်က အောင်မြင်မှာ မဟုတ်ဘူး။ ကျနော် ထပ်ဖြေချင်တာက သူတို့က စကစနဲ့ ပူးပေါင်းပြီးတော့ လက်နက်အရောင်းအဝယ် လုပ်တယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်တယ်။ အဓိက အားဖြင့် တွန်းဇန်ဟာ သူတို့ လက်အောက်ကို ကျသွားပြီးဆိုရင် ဘိန်းခင်းကို လွတ်လွတ်လပ်လပ် စိုက်လို့ ရမယ်။ ဘိန်းဖြူအရောင်းအဝယ် လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ ရမယ်။ သစ်ထုတ်လုပ်ငန်းကိုလည်း လွတ်လွတ်လပ်လပ် လုပ်လို့ ရမယ်ဆိုတာ၊ အဓိကက သူတို့ရဲ့ စီးပွားရေး မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ချင်လို့ တွန်းဇန်မြို့ကို ခဏ ခဏ လာတိုက်တယ် ဆိုတာ ထပ်လောင်း ဖြေချင်ပါတယ်။