ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၂) The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လူတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်မှန်တံခါးများလည်း အတော်များများ ပျက်စီးခဲ့သည်။
ယနေ့နံနက်ပိုင်း ၂ နာရီခွဲခန့်ကစ၍ ၄ နာရီခန့်အထိ ကလေးမြို့ပေါ်ရှိ နေရာအတော်များများတွင် သေနတ်ပစ်ခတ်မှုများ တရစပ်ထွက်ပေါ်ခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
“ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေစကြားရတယ်၊ သေနတ်သံတွေ တရစပ်ကြားနေရတော့ အိပ်မရတော့ဘူး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာလားတော့မသိဘူး၊ နောက်ပိုင်းမှာတော့ လက်နက်ကြီးသံ ၃ ခါလောက်ကြားရတယ် အသံက တော်တော်ကျယ်တယ် တုန်ခါသွားတယ်” ဟု တာဟန်းဘက်မှေဒသခံတစ်ဦးက ပြောသည်။
ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့ပေါ်တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာပြီး လုံခြုံရေးလည်း ယခင်ထက် တင်းကြပ်ထားသည်။
ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ နေကြာတိုက်နှင့် တောင်ဖီလာလမ်းခွဲအကြားကိုလည်းဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။