ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့နံနက်ပိုင်းက ချောင်းခွနှင့် ဟားခါးလေးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ထောင်နှင့်ချီသောဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာ တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေး PDF၊ CNDF (ကလေးတပ်မဟာ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် နတ်ချောင်းကျေးရွာအပါအဝင် အနီးနားကျေးရွာမှဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီးဖြစ်သည်။
ယခုအခါ စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားကာ အနီးနားကျေးရွာများဖြစ်သည့် ဟားခါးလေး၊ ချောင်းခွ၊ ရေစို၊ ပါးမွန် ချောင်းကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ထွက်မံထွက်ပြေးနေကြရသည်ဟု စစ်ဘေးတိမ်းရှောင်နေသော ဟားခါးလေးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“တိုက်ပွဲကြောင့်ကြောက်လို့ ရွာခံတွေက မနေ့ တနေ့က ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ဒီမနက်မှပဲလာတဲ့သူတွေ လည်းရှိပါသေးတယ်။ တောင်ပေါ်ဖက်မှာပေါ့။ ဘေးလွတ်ရာကို အကုန်ရောက်ကြပြီ။ အခုကျွန်တော်တို့ ဟားခါးလေးရွာမှာ ၁၅ လောက်ယောက်ကျန်ခဲ့မယ် မပြေးနိုင်တဲ့သူ” ဟု ဟားခါးလေးဒေသခံကပြောသည်။
ဟားခါးလေးကျေးရွာမှ ပြည်သူအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ကျေးရွာထဲတွင် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုအပါအဝင် ဒေသခံခန့်မှန်းခြေ ၁၅ ဦးခန့်တို့မှာ ကျန်ရစ်ခဲ့ကြပြီး ၎င်းတို့ကို စစ်ကောင်စီ တပ်ဖွဲ့တို့က ဖမ်းဆီးပြီး ဘုရားကျောင်းတခုတွင် အပြင်မထွက်ရန် ချုပ်နှောင်ထားသည်ဟုလည်း သိရသည်။
စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများသည် အဝတ်အထည်၊ အစားအသောက်အနည်းငယ်ကိုသာ ယူဆောင်နိုင်ကြသည့်အတွက် အခက်အခဲဖြစ်လာနိုင်သည်ဟုလည်း ဟားခါးလေး ဒေသခံကပြောသည်။
“ကျွန်တော်တို့ ရွာက ဒီဖက်ရောက်တဲ့သူတွေက ငါးရာကျော်တယ်။ နေရာကမတူကြဘူး။ သူတို့ကြိုက်တဲ့ နေရာဖ က်ကိုသွားကြတာ။ စားဖို့သိပ်မယူခဲ့ကြဘူးဆိုတော့ ၁ ရက် ၂ ရက်စာပဲရှိမှာ” ဟားခါးလေးရွာခံကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းကစ၍ ဟားခါးလေးကျေးရွာရှိလူနေအိမ်များအား စတင်မီးရခဲ့ကြပြီး အိမ်လောင်ကျွမ်းမှုအခြေအနေကိုမူ အတိကျမသိရသေးပေ။ ယမန်နေ့ကလည်း ချောင်းခွကျေးရွာက လူနေအိမ်ခြေ အနည်းဆုံး ၅ လုံးမီးရခဲ့သည့်အပြင် နတ်ချောင်းကျေးရွာတွင်လည်း လူနေအိမ်အနည်းဆုံးအလုံး ၂၀ ခန့်မီးရှို့ခဲ့ကြသည် ဟု သိရသည်။
ကလေးမြို့နယ်တောင်ပို်င်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုပြင်းထန်းနေပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးကို အသုံးပြုကာ လေကြောင်းမှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။