စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်အနီး ဒိုးဝိုင်းချောင်းကျေးရွာတွင်နေထိုင်သော ချင်းအမျိုးသားနှစ်ဦးသည် စက်တင်ဘာလ ၉ ရက်နေ့က ဆိုင်ကယ်ဖြင့် အိမ်မှထွက်ခွါပြီး ယနေ့ချိန်ထိ အိမ်ပြန်မရောက်သေးကြောင်း သိရသည်။
ပျောက်ဆုံးသွားသည့် အမျိုးသားနှစ်ဦးသည် ဦးထန်ဆွမ်းခမ် (၄၁) နှစ်နှင့် ကျင်ဗျက်ဆန် (၂၆) နှစ်တို့ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် အလည်သွားမည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ထွက်သွားကြရာမှ ယနေ့ထိ အိမ်သို့ ပြန်လာချင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
“သူတို့က အလည်သွားမယ်ဆိုပြီး ဆိုင်ကယ်တစ်စီးနှင့် ထွက်သွားတာ၊ အခုထိ ပြန်မလာသေးဘူး။ ဘာအကြောင်းမှ မကြားသေးဘူး။ သူတို့က တစ်ရက်လုပ် တစ်ရက်စားတွေပါ၊ ဒီမှာအလုပ်ရှိရင် လုပ်ပါတယ်။ ဇိုမီးလူငယ်ပရဟိတအဖွဲ့မှာလဲ ပါဝင်ပါတယ်၊ အားလုံးက ဝိုင်ပြီး စုံစမ်းနေကြဆဲပဲ” ဟု ပျောက်ဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
၎င်းတို့နှစ်ဦးသည် ကျပန်းအလုပ် လုပ်ကိုင်နေသူများဖြစ်ကြပြီး လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် ဇိုမီးလူငယ်ပရဟိတအဖွဲ့ဝင်များဖြစ်ကြသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ကာ မြို့၏ အချက်အချာချသောနေရာများတွင် စစ်ဆေးရေးများပြုလုပ်နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းလည်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကလေးြမို့ ကြို့သုံးပင်ရပ်ကွက်ရှိ အသက် ၁၄ နှစ်အရွယ် လူငယ် ၂ ဦးနှင့် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု RFA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။