(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက စစ်တပ်သုံး လေယာဥ်ဖြင့် စစ်တပ်အင်အား ဖြည့်တင်းနေသည်ဟု သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့က ကလေးမြို့လေဆိပ်တွင် Y-8 Military Transport Aircraft ( 5919) လေယာဥ် (၃) ကြိမ် ဆင်းသက်ကာ တကြိမ်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်စီဖြင့် စုစုပေါင်း အင်အား ၂၀၀ ကျော် လာချသွားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကလေးမြို့ဒေသခံတဦးက ပြောသည်။
“စစ်တပ်သုံးလေယာဥ်နဲ့ ၃ ခါ လာချတယ်သင်တန်း ဆင်းပြီးခါစ စစ်သားတွေပါ။ ခါတိုင်းသင်တန်းဆင်းပြီး ခါစလာပြီ ဆိုရင် အစိမ်းရောင်ဝတ်စုံတွေနဲ့ပဲ။ ဒီနေ့တွေ့တဲ့သူတွေဆိုရင် ပျောက်ကျားဝတ်စုံတွေကျောပိုးအိတ်တွေနဲ့ အများကြီးပဲ ကလေးမြို့ပေါ်မှာအင်အားတွေတအားတိုးချတာနေတာ” ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ကလေးမြို့ဒေသခံ ပြောသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် သံပြားကာထားသည့် စစ်ကား (၃) စီးဖြင့် နေ့စဥ် ကင်းလှည့်စစ်ဆေးဖမ်းဆီးမှုလုပ်သည့်အပြင် ဒရုန်းအသုံးပြုကာ စစ်ရေးစောင့်ကြည့်လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု ကလေးမြို့ခံထံမှ သိရသည်။
စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင်စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃) အထိ သင်တန်းပို့ချပြီးဖြစ်ကာ အမှတ်စဥ် (၄) စစ်မှုထမ်းသင်တန်းအတွက် စီစဉ်နေပြီး အမျိုးသမီးများလည်း ခေါ်ယူနိုင်သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် တအိမ်တက်ဆင်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးနေကာ ဒေသခံများ ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် မြို့တွင်း သွားလာသည့်ပြည်သူများအား ဆိုင်ကယ်လိုင်စင်များ စစ်ဆေးရေးတင်းကြပ်ကာ စစ်ဆေးချိန်တွင်လည်း ဒဏ်ငွေရိုက်ခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း သိရသည်။