(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့်ဈေးနှုန်းများ မြင့်တက်တော့မည်ဟု သိရသည်။
သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် လုပ်အားခများ မြင့်တက်လာသောကြောင့် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့် ၂၀ လီတာ ဗူးကြီးတစ်ဗူးလျှင် လက်လီ (၁၅၀၀) ကျပ်နှင့် လက်ကား (၁၃၀၀) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ မေလ (၄) ရက်နေ့က ထုတ်ပြန်သည်။
ကလေးမြို့ ပင်လုံရပ်ကွက်က သောက်ရေသန့်အရောင်းကိုယ်စားလှယ်တစ်ဦးက “ရေသန့်ဗူးက (၁၀) ရက်နေ့က စပြီး ဈေးတက်မယ်ဆိုပြီး စာရွက်နဲ့ လာပေးထားပြီ၊ အခုက ကုန်ဈေးနှုန်းတွေဆို ဘာမဆိုကို တက်နေတော့တာ၊ ရေပဲမတက်ဘူးထင်တာ အခု ရေပါ ဈေးတက်လာပြီ” ဟု ပြောသည်။
လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ Carmel၊ Wesley၊ ရွှေကလေး၊ မြနဒီ၊ ကျန်း မာချမ်းသာ ၊ နန်ခိုင်၊ B2၊ နန်းထိုက်စံ စသည်တို့က ဖြန့်ဝေရောင်းချပေးလျှက်ရှိကာ (၂၀) လီတာဗူးကြီး တစ်ဗူးလျင် (၁၀၀၀) ကျပ်ရှိသည်။
ကလေးမြို့က အိမ်ရှင်မတဦးက”အရင်တုန်းကဆို (၅၀၀) နဲ့ ဝယ်သောက်လာခဲ့တာ အခုဆို တနှစ်ကိုတမျိုး နဲ့ ဈေး တက်လာတာ၊ တစ်ထောင်နဲ့ ဈေးတက်ပြီးနောက်ပိုင်းမှာတော့ အိမ်မှာဆိုရင် ရေကျက်အေးတည်ပြီး တော့မှ သောက် ကြတော့တယ်၊ လူများတော့ တရက်ကို တဗူးကုန်တဲ့နေ့တွေလည်းရှိတော့ အရင်လို ဝယ်ဖို့ကမလွယ်ပါဘူး” ဟု ပြောသည်။
ကလေးမြို့တွင် ယခုနောက်ပိုင်း ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်များကို တွင်ကျယ်စွာ မှာယူသောက်သုံးလာကြပြီး ချက်ပြုရာတွင်လည်း ရေစိမ်းကို အသုံးပြုရာမှ ရေသန့်ဖြင့် ချက်ပြုတ်ခြင်းများလည်း ပိုရှိလာသည်ဟု သိရသည်။