စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိနေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းက ကလေးမြို့နယ်မြောက်ပိုင်းဒေသက ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက လက်နက်ကြီးသာမက လေကြောင်းကနေပါ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ပိုင်းဒေသက ကျေးရွာပေါင်း ၁၀ ရွာကျော်က သောင်းနှင့်ချီသော ဒေသခံပြည်သူတို့သည် ကလေးမြို့နှင့် အခြားဘေးကင်းရာဒေသများသို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်သည်။
စစ်ဘေးရှောင်ပြည်သူများကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအသင်းတော်အသီးသီးတို့မှ ကူညီစောင့်ရှောက်ပေးလျှက်ရှိရာ စစ်ရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများလည်း ထပ်မံရောက်ရှိလာပြီး အချို့မှာ အခြေခံ စားသောက်ကုန်များ ခက်ခဲလာနေပြီဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
“အဓိက သူတို့ရဲ့ စားရေးသောက်ရေးပေါ့၊ အိမ်ရှင်တွေကလဲ သိပ်ပြီး မတတ်နိုင်တော့တဲ့ အခြေအနေရှိတယ်ပေါ့နော်။ မြို့ပေါ်ကျတော့၊ နဲနဲကြွေးနိုင်မွေးနိုင်သေးတယ်။ နယ်ဘက်ကလူတေကတော့ သိပ်မကြွေးနိုင်တော့ဘူးပေါ့နော်။ နောက် ဆေးဝါးကုသမှုတွေလဲ လိုအပ်တယ်။ အခု အဖျားအနာလိုဟာမျိုးဖြစ်ပြီးတော့ ကူးစက်ရောဂါလိုဟာမျိုးလဲ ဖြစ်နေကြတယ်“ ဟု ၎င်းကပြောသည်။
ယခုလက်ရှိ ရာသီပြောင်းကာလလည်း ဖြစ်သောကြောင့် ကလေးမြို့ပေါ်နှင့် နယ်ဘက်တွင် စစ်ဘေးရှောင်နေကြသူများမှာ ရာသီဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောများဖြစ်နေကြကြောင်း သိရပြီး မြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် ရွှေ့ပြောင်းဆေးခန်းများဖြင့် လိုက်လံကုသမှုများရှိနိုင်သော်လည်း အပြည့်အဝကုသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“လောလောဆယ် မြို့ပေါ်တွေမှာပဲ ရွှေ့ပြောင်းဆေးခန်းပုံစံနဲ့ ကုပေးတဲ့အဖွဲ့တွေရှိတယ်၊ ဒါပေမဲ့ နယ်တွေတော့ မရာက်နိုင် မဆင်းနိုင်သေးဘူး။ ပြီးတော့ မြို့ပေါ်မှာကလဲ စစ်ရှောင်စခန်းမှာနေတဲ့သူတွေပဲ ကုပေးနိုင်သေးတယ်၊ ကျန်တဲ့ ဆွေမျိုး အသိတွေ အိမ်မှာနေတဲ့ သူတွေကျတော့ စုစည်းပြီး ကုပေးတာမျိုးလည်းမလုပ်နိုင်သေးဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြာသည်။
ယခုလက်ရှိ ကလေးမြို့မြောက်ပိုင်းမှ စစ်ဘေးတိမ်းရှောင်သူဦးရေမှာ ၅၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရပြီး အများစုမှာ ဘာသာရေးအဆောက်အဦးများတွင် နေထိုင်ကြပြီး တချိူ့မှာလည်း ဆွေမျိုးနှင့် အိမ်ငှားဖြင့်နေထိုင်သူများလည်းရှိသည်ဟု သိရသည်။
ကလေးမြို့မြောက်ပိုင်းဒေသတွင် ယခုလက်ရှိတိုက်ပွဲဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ အချိန်မရွေး ဝင်ရောက်လာနိုင်သည့်အတွက် ဒေသခံပြည်သူများသည် နေရပ်မပြန်ရဲကြသေးကြောင်းသိရသည်။