(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်းကြီးဟိုတယ်ရေကူးကန်တွင် ဖမ်းဆီးခံရသော လူငယ်များထဲမှ အသက်မပြည့်သေးသူ မိန်းကလေးနှင့် လူငယ်အချို့သည် ကတိခံဝန်ချက်ဖြင့် ယနေ့မနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြကြောင်း သိရသည်။
ကလေးမြို့ သဇင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးတွင်တည်ရှိသော မင်းကြီးဟိုတယ် ရေကူးကန်တွင် အပန်းဖြေရေကူးနေကြသော လူငယ်အယောက် ၂၀ ဝန်းကျင်ခန့်ကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဆယ်ကျော်သက်အရွယ်အများစုပါဝင်သော အဆိုပါလူငယ်များကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့မနက်ပိုင်းတွင် အသက်မပြည့်သည့် မိန်းကလေးနှင့် လူငယ်တချို့တို့ကို ကတိခံဝန်ချက်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်သည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
ကလေးမြို့ခံက “ဒီမနက်က မိန်းကလေးနဲ့ အသက်မပြည့်သေးတဲ့သူတချို့ ပြန်လွတ်တယ်၊ အသက်ပြည့်မှီတဲ့သူတွေကျတော့ စစ်မူထမ်းဖို့ခေါ်ရင် အချိန်မရွေးလိုက်ပါ့မယ်လို့ ခံဝန်ကတိထိုးပြီး လွတ်တယ်၊ တချို့ကျတော့ ပြန်မလွတ်သေးဘူး” ဟု ပြောသည်။
သို့သော်လည်း အဖမ်းခံရသည့်အယောက် ၂၀ ထဲတွင် ဘယ်နှစ်ယောက်ပြန်လည်လွတ်မြောက်လာသည်ကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ (ဇွန် ၁၀) ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများ ထပ်မံဖမ်းဆီးမှုရှိနေပြီး ထရပ်ကားတစီးဖြင့် (ဒ.က. စ) ထဲတွင် ခေါ်ဆောင်သွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် အရပ်သားပြည်သူများ ဖမ်းဆီးမှုများရှိနေပြီး မြို့ပေါ်တွင်လည်း ယခင်ထက် စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။