(06SV)
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ပြီး အာဏာသိမ်းစစ်ကောင်စီ သက်တမ်းတိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သော NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီမှ ထုတ်ပယ်ကြောင်း အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေညာသည်။
ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းတွင် ပါတီမှ ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ရာဇဝတ်မှုပေါင်းမြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင်လ ၃၁ ရက်က ပူးပေါင်းဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ဩဂုတ် လ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လူမြင်ကွင်းမှပျောက်ကွယ်သွားသော ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူသည် ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်လာခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာ ပျောက်ကွယ်နေရာမှ ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် စစ်ကောင်စီက နိုင်ငံတော်အရေးပေါ်ကာလ ၆ လသက်တမ်း ထပ်မံတိုးမြှင်ခဲ့သည်။
ထို့ကြောင့် ဩဂုတ်လ ၈ ရက်တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် ဗဟိုကော်မတီဝင်များက အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု NLD ပါတီ၏ထုတ်ပြန်ချက်တွင်ဖော်ြပထားသည်။
ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသော ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသော မူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည်ကို ချိုးဖောက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။
ထို့အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသား လွတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ကတိသစ္စာများ ကိုလည်း ချိုးဖောက်ခြင်းကြောင့် ထုတ်ပယ်ခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့သော စစ်အုပ်စုခေါင်ဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦးတို့မှာ ကိုယ်တိုင် ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံထားရသည်နည်းတူ အဆင့်အဆင့်သော ပါတီဝင် အများအပြားလည်း အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်ဟုဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီ လိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင်ရပ်တည်နေသည်ဟု NLD က ထုတ်ပြန်ထားသည်။