(06SV)
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့ဘက်သို့ ပြန်ဆင်းသော စစ်ကောင်စီတပ်သည် ကျင်ဒွေး- လောင်းရှည်လမ်းမပေါ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး၍ တန်ဖိုးကြီးပစ္စည်းကို ယူဆောင်သွားကြသည်ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်အဖွဲ့၊ ခေါ်နူး တပ်ရင်းက သတင်းထုတ်ပြန်သည်။
အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ကျင်ဒွေးလမ်းမပေါ်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာ ဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ ထန်းကုန်း စသော ကျေးရွာများအတွင်းရှိ အိမ်တွင်း ပရိဘောဂများ၊ ဘာသာရေး ကျောင်းနှင့် စာသင် ကျောင်းမှ ပစ္စည်းများကို ယူဆောင်သွားသည်ဟု ဩဂုတ်လ ၇ ရက်က ထုတ်ပြန်သည်။
ပြည်သူများ၏ အိမ်မွေးတိရစ္ဆာများကိုလည်း သတ်စားကြပြီး အရေအတွက် မည်မျှ သတ်စားသွားသည်ကို ဒေသခံပြည်သူများ စစ်ရှောင်နေရသောကြောင့် အတိအကျ မသိနိုင်သေးကြောင်း ခေါ်နူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် လမ်းမီးတိုင်များကို ဖျက်စီးခြင်း၊ ဘက္ထရီ၊ ဆိုလာ၊ သေတ္တာ၊ ဗီရို၊ ပျဉ်များစသော တန်းဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည်ဟု သိရသည်။
ကျင်ဒွေးသို့ ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်၊ စစ်ကား ၂၇ စီးဖြင့် ထိုးစစ်ဆင်ခဲ့သော စစ်ကြောင်းသည် ဇူလိုင် ၃၁ ရက်မှာ မဆာတွီသို့ ပြန်ဆင်းလာပြီး ၎င်းရွာတွင် ညအိပ်စဉ် နေအိမ် တစ်လုံးကို အသုံံးပြု၍ စစ်ကောင်စီတပ်သား အလောင်းကို မီးရှို့သွားခဲ့သည်ဟု ခေါ်နူးတပ်ရင်းက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂ ရက်တွင် မဆာတွီကျေးရွာမှ လောင်းရှည်မြို့နယ်၊ ဆွဲလွဲကျင်းရွာသို့ ပြန်ဆင်သွားကြပြီး ဩဂုတ်လ ၃ ရက် ညနေပိုင်းတွင် လောင်းရှည်မြို့ထဲ ပြန်ဝင်သွားကြသည်ဟု ခေါ်နူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။