(006SV)
စစ်ကိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့အကြား စီးယင်းဒေသ၊ Mualpi ရွာအနီးမှာ ယနေ့ တနေကုန်တိုက်ပွဲဖြစ် ပွားနေသည်ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
တီးတိန်မြို့နယ်၊ စီးယင်းဒေသ Mualpi ရွာ မရောက်မှီ နေရာတွင် ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီမှ ညနေ ၆ နာရီနီးပါးအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။
“တိုက်ပွဲက တီးတိန်မြို့နယ် စီးယင်း ဒေသ Mualpi ရွာမရာက်ခင်မှာ ဖြစ်တာပါ။ မနက် ၈ နာရီကနေ အခုထိ ဖြစ်နေပါတယ်။ တိုက်ပွဲက မပြင်းထန်တာလဲ မဟုတ်ဘူး၊ ပြင်းထန်နေတာလဲ မဟုတ်ဘူး။ တောက်လျှောက် ပစ်နေရတယ်။ ခုံနေရတာပေါ့” ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးနေသော တပ်ကို အနောက်ဘက်မှ ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ နှင့် ပစ်ကူပေးနေသကဲ့သို့ ကလေးမြို့ဘက်မှလည်း ၁၂၀ မမဖြင့် ပစ်ကူးပေးပြီး ထိုးစစ်ဆင်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှု မတွေ့ရသေးကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရှေ့ပြေးတပ်ဖွဲ့မှ သုံးယောက် လဲကျနေသည်ကို တွေ့မြင်နေရပြီး သေဆုံးမှု ရှိ၊ မရှိ မသိရသေး ကြောင်း၊ စစ်ကောင်စီမှ လာရောက်ဆွဲထုတ်မှုလည်း မရှိကြောင်း သိရသည်။
မေလ ၁၉ ရက်က အင်အား ၂၀၀ မှ ၂၅၀ အထိ ရှိနိုင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် စစ်ယာဉ်တန်း ၁၅ စီးဖြင့် ကလေးမြို့မှ ချင်းတောင်ဘက်သို့ ထွက်ခွာလာပြီး ကလေးကောလိပ်ဝန်းအတွင်း ကားများကို ထားခဲ့ကြောင်း၊ ပွိုင့် ၅ တင်ထားသော ကားတစ်စီးနှင့်အတူ ခြေလျင်တောလမ်းအတိုင်း စစ်ကြောင်းထိုးရာမှ ယနေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်သည် စစ်ကောင်စီ စစ်ကြောင်း၏ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် ယမန်နေ့ မေလ ၂၀ ရက်မှစတင်၍ ကလေး – သိုင်းငင်းကားလမ်း၏ အတက်၊ အဆင်းအားလုံးကို ယာယီပိတ်လိုက်သည်ဟု CDF – CDM Siyin က ကြေညာထားသည်။
လမ်းပြန်မဖွင့်မချင်း ပြည်သူများမှ ကလေးသိုင်းငင်းလမ်းမကြီးကို အသုံးမပြုရန်နှင့်ယာယီပိတ်ထားပြီးအချိန် နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM Siyin က ထုတ်ပြန်ထားသည်။
“လမ်းတွေပိတ်၊ ပြည်သူတွေကို စစ်ရှောင်ဖို့ မှာကြားတာတွေဟာ ကျနော်တို့ လက်နက်ကိုင်တွေက အာဏာပြတာ လုံးဝမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့အတွင်း စစ်ဖြစ်နေလို့ ပြည်သူတစ်ဦးတစ်ယောက်မျှကို အသက်အန္တရယ် မဖြစ်စေချင်လို့ ဆိုတာ ပြည်သူတွေနားလည်ပေးဖို့ ပြောချင်ပါတယ်” ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းထိုးရာ လမ်းကြောင်းပေါ်က ကျေးရွာတချို့သည် စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် မြို့တော်ဟားခါး၊ တီးတိန်နှင့် ထန်တလန်မြို့တို့သာ စစ်ကောင်စီတပ်စခန်းများ ကျန်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီက ကင်းစင်ရေး ဖော်ဆောင်သွားမည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ကြေညာထားသည်။