(02HH)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ မင်းတပ်မြို့နယ်ဖက်သို့ အင်းအား (၁၂၀) ခန့် ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် CDF-Matupi တို့သည် ဇွန်လ ၆ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ပြည်သူများအနေဖြင့် မင်းတပ်-မတူပီလမ်းအား အသုံးမပြုကြရန် CDF-Matupi က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၆ ရက်နေ့မနက်ပိုင်းတွင် မင်းတပ်-မတူပီလမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ရွာအတွင်း ဝင်ရောက်စီးနင်ခဲ့ပြီး CDF-Matupi တပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့များသည် ရမ်တိန်း ကျေးရွာအထက် ၂ မိုင်အကွာသို့ စစ်ကြောင်းဆုတ်ခွာ စခန်းချခဲ့ကြသည်ဟု CDF-Matupi က ဆိုသည်။
CDF-Matupi ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်က “သူတို့က လမ်းမကြီးအတိုင်းမဟုတ်မဟုတ်ပဲနဲ့တောဖက် ကနေလာတော့ ကျွန်တော်တို့က နည်းလမ်းပေါင်းစုံသုံးပြီး သူတို့လာနိုင်တဲ့နေရာတွေ၊ သူတို့ရှိမယ့်နေရာတွေကို လှမ်းပစ်တာ၊ လက်ဦးတာက ကျွန်တောတို့။ ထိတွေ့တယ်ဆိုတာက အနီးကပ်ထိတွေ့တာ မဟုတ်ဘူး၊ ကျွန်တော်တို့ဒီဖက် ရှိပါတယ်ဆိုတဲ့ဟာမျိုးကို လုပ်ထား တယ်။ ကျွန်တော်တို့ ကောင်း ကောင်း ပြန်ဆုတ်နိုင်ခဲ့တယ်။သူတို့ဖက်က အထိအခိုက်ရှိတယ်လားဆိုတာ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသောကြောင့် မတူပီမြို့နယ်ထဲက ခြန်ပြန်၊ ရမ်တိန်း၊ မွှန်တုန်းကျေးရွာတို့မှ ဒေသခံပြည်သူ ၆၀ ကျော်တို့သည် ကျေးရွာတွင် မနေရဲကြသောကြောင့် ချင်းလူမှုစောင့်ရှောက်ရေးအသင်း (CCA) နှင့် ကျေးရွာ IDP ကော်မတီအဖွဲ့တို့မှ လုံခြုံသည့်နေရာများတွင် ပြောင်းရွေ့ပေးခဲ့ကြသည်ဟု သိရသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် မတူပီ-မင်းတပ်လမ်းဖြင့် ခရီးထွက်ခြင်းများ မပြုလုပ်ကြရန် CDF-Matupi က အသိပေးထုတ်ပြန်ထားသည်။