(005MK)
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အိန္ဒိယအစိုးရက ချင်းပြည်နယ်ကိုဖြတ်၍ ပို့ဆောင်ရန်စီစဉ်နေသည်ဟု သိရသည်။
အိန္ဒိယအစိုးရသည် ‘Operation Brahma’ အစီအစဉ်ဖြင့် မတ်လ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံက ငလျင်ဘေး သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်း နှင့် ရေလမ်းဖြင့် ပို့ဆောင်ပေးလျှက်ရှိပြီး ယခုအခါ ကုန်းလမ်းကနေလည်း ချင်းပြည်နယ်ကိုဖြတ်၍ ပေးအပ်သွားမည်ဖြစ်သည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် တန်ချိန် ၆၅ အလေးချိန်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယစစ်တပ်သုံးလေယာဉ် C-17 Globemaster သည် ဧပြီလ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ လဲန်းပွီလေဆပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု All India Radio News ကဖော်ပြသည်။
သောက်ရေသန့်၊ ဆန်၊ ဆေးဝါး၊ အိပ်ယာလိပ်များ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများပါဝင်သော ယင်းပစ္စည်းများကို အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာအထိ ကုန်ကားများဖြင့်သယ်ဆောင်ကြပြီးနောက် ထိုမှတဆင့် ချင်းပြည်နယ်ကိုဖြတ်ကာ ငလျင် ဘေးသင့်ပြည်သူများဆီသို့ ပို့ဆောင်ကြမည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည် (Chinland) အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းကလည်း အိန္ဒိယအစိုးရ အပါအဝင် အလှူရှင်များအနေဖြင့် နယ်စပ်ကတဆင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ချင်းပြည် (Chinland) အစိုးရထိန်းချုပ်နယ်မြေထဲဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးလည်း ယူပေးမည်ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောဆိုထားသည်။
အိန္ဒိယနိုင်ငံသည် ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရန် “Operation Brahma” အမည်ဖြင့် မတ်လ ၂၉ ရက်မှ ဧပြီလ ၁ ရက်အထိ အိန္ဒိယလေတပ်မှစစ်လေယာဉ် ၆ စင်း၊ အိန္ဒိယရေတပ်မှ စစ်သင်္ဘော ၅ စီးဖြင့် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူ အများအပြားကို ရန်ကုန်၊ နေပြည်တော်၊မန္တလေးတို့တွင် ပို့ဆောင်စေလွတ်ကူညီနေသည်။
ထို့အပြင် ယခုလက်ရှိမှာလည်း မန္တလေးမြို့တွင် ငလျင်ကူညီကယ်ဆယ်ရေးအတွက် အိန္ဒိယအစိုးရက ယာယီဆေးရုံဖွင့် ထားပြီဟု သိရသည်။