(002MG)
ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် စစ်ကောင်စီမှ အထူးအစီစဉ်တရပ်အနေဖြင့် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ကျောင်းသူ၊ကျောင်းသား (၄၅) ဦး စာရင်းပေးသွင်းထားပြီဟု ချင်းပြည်နယ် ပညာရေးမူးထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူး အစီအစဉ်ဖြင့် ပြန်လည် ကျင်းပရန် စစ်ေကာင်စီက စီစဉ်ခြင်းဖြစ်ပြီး ချင်းပြည်နယ် မတူပီမြို့တွင်လည်း ကျင်းပ ကြမည်ဖြစ်သည်။
ချင်းပြည်နယ် ပညာရေးမူး ဆရာဘီးကူးဒူးက “စာမေးပွဲက ပြန်လုပ်မှာ မတူပီ အ.ထ.က (၂) မှာပဲ၊ အခု ဒီနေ့အထိ (၄၅) ယောက် သတင်းပို့ပြီ ပလက်ဝကရော၊ လိုင်လင်းပီဖက်ကရော၊ (၂၆) ရက်နေ့အထိ ဝန်ကြီးက လက်ခံခိုင်း တယ်ဆိုတော့ လူဦးရေက တိုးရင်လဲတိုးမယ်၊ ပြောလို့မရဘူးနော်၊ နိုင်ငံတော်က အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုနိုင်တဲ့သူတွေကို အထူးအစီစဉ်နဲ့လုပ်ပေးတာပါ” ဟု ပြောသည်။
တက္ကသိုလ်ဝင်စားမေးပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်နေ့အထိ ကျင်းပပေးမည်ဖြစ်ပြီး မတူပီမြို့တွင် ဖြေဆိုရန် စာရင်းပေးသွင်းသူများမှာ ပလက်၀၊ ဆမီး၊ လိုင်လင်းပီမြို့မှ ကျောင်းသူ၊ ကျောင်းသားအများစုဖြစ်သည်ဟု သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် သွားရောက်သော ကျောင်းသူ ကျောင်းသားတချို့ကို မတူပီမြို့အဝင်တွင် တော်လှန် ရေးတပ်ဖွဲ့တချို့မှ ဝင်ခွင့်မပြုသည့်အတွက် ပြန်လှည့်ခဲ့ရသူများလည်းရှိသည်ဟု ဆမီးမြို့တစ်ဦးကပြောသည်။
ဆမီးမြို့ခံတဦးက “လွတ်လွတ်လပ်လပ်သွားလို့ရတယ်လို့ ပြောတော့ သွားတာ၊ ဒါပေမယ့် မတူပီ CDF တွေက ပြန်ပိတ် ပြန်တယ်၊ မှောင်ခိုနဲ့တော့ သွားလို့ရတယ်ဆိုတော့ ပလက်ဝက ကျောင်းသား(၆) ယောက်က ကြောက်ပြီးမှ မိဘတွေ လည်း အကုန်လုံးပြန်ကုန်ကြတယ်၊ တချို့ကတော့ သူတို့မသိအောင် မှောင်ခိုလမ်းကနေ ဆိုင်ကယ်ငှါးပြီးမှ ၅ သိန်းကနေ ၈ သိန်းအထိ ပေးပြီးမှ ဝင်တယ်လို့လည်းပြောတယ်” ဟုပြောသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။