ချင်းပြည်နယ်မြောက်ပိုင်းဒေသတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၆၀ နီးပါးရှိပြီ

0

ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှု ဆက်လက် မြင့်တက်နေပြီး တစ်လကျော်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ၆၀ နီးပါးခန့်ရှိသွားပြီဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူအများစုသည် သက်ကြီးပိုင်းတွေဖြစ်ကြကာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိကြသူများ ဖြစ်ကြသည်ဟု ဖလမ်းကိုဗစ်ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မြို့ပေါ်မှ သေဆုံးတာ (၁၇) ရိဒ်မှာ (၃) ယောက် Ramtlir မှာ (၁) ယောက်ရှိတယ် အဓိကကတော့ ဒီလိုသေတဲ့ထဲမှာ ရောဂါအခံရှိသူများဖြစ်ကြတယ် (၂၁) ယောက်မှာ (၁၇) ယောက်ကတော့ ရောဂါအခံရှိကြတယ် အဆုတ်ပိုင်းဆိုင်ရာ အသက်ရှုမှုအခက်အခဲပုံစံမျိုးနဲ့ ဆုံးသွားတာများတယ် တချို့တွေက နှလုံးသွေးကြောပိတ်တာတွေ ဆေးချိုသွေးချိုမြင့်နေတဲ့ဟာတွေ ဆိုတော့ ရောဂါအခံရှိတဲ့သူတွေက သေတဲ့သူများလာတဲ့အနေအထားမှာရှိတယ်” ဟု ၎င်းကပြောသည်။

ဖလမ်းမြို့တွင် ယနေ့ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ (၁၀၂၇) ဦးစစ်ဆေးနိုင်ခဲ့ရာ Positive လူနာ (၃၇၇) ဦးရှိကြောင်းသိရသည်။

တွန်းဇံမြို့နယ်မှ တွန်းဇံမြို့နှင့် ကျီခါးမြို့တွင်လည်း ဇူလိုင်လ (၆) ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ (၂၁) ဦးရှိပြီဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထန်ရှန်ကပြောသည်။

“သေဆုံးသူတွေက ကိုဗစ်ကြောင့်သေဆုံးတယ် ရောဂါအခံရှိကြတယ် ကျနော်တို့မှာ အောက်ဆီဂျင်ဘက်ကတော့ အဆင်တော့ပြေပါတယ် လူနာများကလည်း သိပ်မလိုအပ်သေးတော့ကျနော်တို့မှာက ကုသရေးပိုင်းမှ ဝန်ထမ်းမလုံလောက်လိုအပ်ချက်ပဲရှိတယ်” ဟု ဒေါက်တာကပြောသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ လူပုဂ္ဂိုလ် (၂၆၈၆) ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ Positive လူနာ (၆၁၃) ဦးထိရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ (၅၅၀) ဦးရှိပြီဟုသိရသည်။

အလားတူ တီးတိန်မြို့နယ်မှာလည်း ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇ ဦး ရှိပြီဟု သိရပြီး ကိုဗစ်ပိုးတွေ့လူနာလည်း ၂၈၀ ကျော်ရှိပြီဟု ကိုဗစ်ကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့မှာလည်း ကိုဗစ် ပိုးတွေ့လူနာ ၆၀ ကျော်ရှိပြီး တစ်ဦးသေဆုံးမှုရှိကာ ဟားခါးမြို့မှာလည်း ပိုးတွေ့လူနာ ၇၀ ကျော်ရှိပြီဟုသိရသည်။

Share.

About Author

Leave A Reply