Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်သစ် (the New Chinland) ကို တည်ဆောက်တဲ့အခါ လက်ရှိနှင့် အနာဂတ်အတွက် အထူးစဉ်းစားရမယ့်အချက် (၄) ချက်

ချင်းပြည်သစ် (the New Chinland) ကို တည်ဆောက်တဲ့အခါ လက်ရှိနှင့် အနာဂတ်အတွက် အထူးစဉ်းစားရမယ့်အချက် (၄) ချက်

0
By Editor on August 5, 2024 Featured

ရေး – ဟန်နရီမင်း

ချင်းပြည်ရဲ့ လက်ရှိအနေအထားနှင့် အနာဂတ်ကာလမှာ အရေးပါတဲ့အချက်တချို့ကို ရေးသားလိုက်ရပါတယ်။ ကျွန်တော်တစ်ဦးတည်းရဲ့ သဘောထားအမြင်သာဖြစ်ပြီး မည်သူ့ကိုမှ ကိုယ်စားမပြုသလို၊ ချင်းပြည်ရှိ ဘယ်အဖွဲ့အစည်းကိုမှ ဘက်လိုက်ရေးသားမည် မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးတစ်ဦးသာ ဖြစ်ပါတယ်။ အခုရေးသားတဲ့အချက်တွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လက်တွေ့ဆန်ပြီး CC ရော၊ ICNCC တို့အတွက်ပါ ချင်းပြည်သစ် တည်ဆောက်တဲ့အခါ အထူးထည့်သွင်း စဉ်းရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။

၁။ ချဉ်းကပ်မှုအသစ်အား လက်ခံနိုင်မှု။

စည်းလုံးညီညွတ်မှုက မိသားစု၊ ရပ်ရွာမှသည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံနှင့် ကမ္ဘာတစ် ဝှမ်းလုံးအဆင့်မှာ အရေးပါတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ယခင်ခေတ်ကာလများနဲ့မတူတဲ့ ချင်းပြည်သစ် (the New Chinland) တည်ဆောက်ဖို့အတွက် ချင်းပြည်ရှိ မြို့နယ် ပေါင်းစုံမှ ချင်းလူမျိုးပေါင်းစုံအနေဖြင့် မတူညီတဲ့ ခံယူချက်နှင့် ရှုထောင့်ပေါင်းစုံ၊ နောက်ခံသမိုင်း အနေအထားနဲ့ ကိုက်ညီအောင် ကြိုးစားကြတာချည်းပဲ ဖြစ်ပါတယ်။ ဒါက ယခင် ကတည်းက ရှိနေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းမှ တစ်ဟုန်ထိုး အကောင် အထည် ဖော်ဆောင်လာခဲ့ကြတာလို့ ပြောရရင် မှားမယ်မထင်ဘူး။ ဒါပေမဲ့ လက်ရှိချင်းပြည်မှာ မြို့နယ် တစ်ခုတည်းမှာ အနည်းဆုံး အစုအဖွဲ့ပေါင်း ၄-၅ ခု အထိရှိနေတာဟာ အားနည်းချက်ကို ဖြစ်စေပါတယ်။ ကွဲပြားမှုပေါင်းစုံရှိနေသော်လည်းပဲ စည်းလုံးညီညွတ်မှုရှိနေပါတယ် (Unity in Diversity) ဆိုတဲ့ အနေအထားမျိုးမှာ ရှိမနေဘဲ Dividends က များနေတဲ့အတွက် အကောင်းထက် အဆိုးဘက်ကိုပဲ ဦးတည်နေပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က မြို့နယ်တစ်ခုက ၎င်းဧရိယာအတွင်း နေထိုင်သူ အဖွဲ့အစည်းပေါင်းစုံကို နယ်မြေခွဲဝေပေးမှုများနေတဲ့အခါ နယ်မြေက အစိတ်စိတ်အမွှာမွှာ ခွဲခြမ်းပေးလိုက်ရတာ မျိုးပါ။ နောက်အကျိုးဆက်က ၎င်းမြို့နယ်ထဲမှာရှိတဲ့ အင်အားကြီးတဲ့သူက တခြားပိုင်နက်တွေကို လုယူပြီး သူ့နယ်မြေကို ချဲ့ထွင်ကြတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းပေါင်းမြောက်များစွာ ရှိနေနိုင်သော်လည်းပဲ အဓိကအချက်ကို ထောက်ပြရမယ်ဆိုရင် အသေး အမွှားကိစ္စတွေကို အထူးအာရုံစူးစိုက်ကြပြီး တူညီတဲ့အချက်ကို အလေးမထားကြလို့(focusing on the minor issues rather than of the major points)ပဲ ဖြစ်ပါတယ်။ ဥပမာ- ဘာသာစကားမတူညီတာ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းကွဲတာ၊ ခံယူချက်မတူညီတာကိုပဲ အထူးအလေးပေးတာမျိုး၊ တူညီတဲ့အချက် “ငါတို့က ချင်းလူမျိုး တစ်မျိုးတည်းပဲ” ဆိုတဲ့အချက်ကို စကားအရသာပြောကြပြီး တကယ့်လက်တွေ့မှာ အလေးမထား ကြတာမျိုးပါ။ ဒီအချက်တွေရဲ့ရလဒ်က မတူညီတဲ့အဖွဲ့အစည်းတွေကြားမှာ ဘယ်လောက်ပင် ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်အခါခါ ဆောင်ရွက်ကြပါစေ၊ အလျှော့အတင်းမရှိဘဲ အစုအဖွဲ့ တစ်ခုချင်းစီရဲ့ ခံယူချက်နှင့် တန်ဖိုးတွေက တခြားအစုအဖွဲ့တွေထက် ပိုတန်ဖိုးရှိကြောင်း ပြောဆိုတဲ့အခါ ရေတိုပေါင်းစည်းမှုတောင် မဖြစ်နိုင်တော့ပါဘူး။ ဥပမာ – CC အုပ်စုက ကိုယ်ပိုင် Constitution by Law နဲ့ သွားနေတယ်။ CB အုပ်စုက ICNCC နဲ့သွားနေတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပိုင် Constitution by Law သို့မဟုတ် Charter တော့ မတွေ့မိသေးဘူး။ NUG ရဲ့ တိုက်ရိုက်ဦးဆောင်မှုအောက်ကနေ သွားနေတယ်လို့ပဲ ယူဆရတယ်။ ဒီလို လားရာမတူ၊ ပန်းတိုင်မတူညီတဲ့ ချဉ်းကပ်မှုနဲ့ ချင်းပြည်သစ်ကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖွဲ့ရဲ့ ခံယူချက်တွေက နောက်တစ်ဖက်သားထက် အမြဲတမ်းသာ လွန်နေတယ်လို့ အချင်းချင်း မှတ်ယူထားကြလို့ ဖြစ်ပါတယ်။

ဘုံသဘောတူညီချက်အနေနဲ့ ချင်းပြည်သစ်မှာ ကိုယ်ပိုင် Constitution by Law တစ်ခုတည်းပဲ ရှိရမယ်။ ကိုယ်စားပြုအုပ်ချုပ်မှု ရှိနေမှာဖြစ်ပေမဲ့လို့ ချင်းပြည်သူအားလုံးက သက်တမ်းအလိုက် ရွေးချယ်တဲ့ အစိုးရတစ်ရပ်၊ အမြဲတမ်းရှိနေမယ့် ချင်းပြည်သစ် အမျိုးသားတပ်မတော်/ ချင်းပြည်ကာကွယ်ရေးတပ်မတော်ဆိုတဲ့ နာမည်တစ်ခုတည်းသာရှိနေရမှာ ဖြစ်ပြီးတော့ အခုလက်ရှိ CNA/CNDF/ CDFs… စတဲ့ အဖွဲ့အစည်းတွေဆိုတာ ချင်းပြည်သစ် အမျိုးသားတပ်မတော်/ ချင်းပြည်ကာကွယ်ရေးတပ်မတော်ရဲ့ ပေါင်းစပ်ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေ (integrated parts of the whole body) သာ ဖြစ်နေရမယ်ဆိုတာကို လက်ခံနိုင် ကြရပါလိမ့်မယ်။ တရားစီရင်ရေးက အခိုင်တစ်ခုတည်းပဲ ရှိရမယ်ဆိုတဲ့ ဒီမိုကရေစီ/ ဖက်ဒရယ်ရဲ့ ဒီအမာခံတန်ဖိုးတွေ (core values) တွေကို လက်မခံနိုင်ဘူးဆိုရင် နောက်ထပ် အကျိုးဆက်အနေနဲ့က ပိုမိုစိတ်ဝမ်းကွဲပြားမှုကိုသာ ဦးတည်သွားစေပါတယ်။ ဒါကြောင့် ဒီလိုစိတ်ထားနဲ့ဆိုရင် ချင်းပြည်သစ် (the New Chinland) ကို တည်ဆောက်ဖို့ အလှမ်းဝေးနေအုံးမှာပါ။

၂။ မူးယဇ်ဆေးဝါးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားမှု။

မူးယဇ်ဆေးဝါးရဲ့အန္တရာယ်ကို လူတိုင်းသိပါတယ်။ ဒီနေရာမှာ မူးယဇ်ဆေးဝါးဆိုတာ ဘိန်း-ဘိန်းဖြူကို ရည်ညွှန်းချင်ပါတယ်။ ဒါပေမဲ့ ၎င်းကို အသုံးပြုလိုက်တဲ့အခါ ခဏတာအတွင်း ကမ္ဘာတစ်ဖက်ခြမ်းကို ရောက်သွားသလိုမျိုး ခံစားစေတဲ့အတွက် အသုံးမပြုဘဲ မနေနိုင်ကြဘူး။ ၎င်းကို ဆေးဝါးအဖြစ် အသုံးပြုတဲ့အခါ အရေးပေါ် (ဥပမာ – တိုက်ပွဲမှာ ဒဏ်ရာပြင်း ထန်ရတာမျိုးကို စိတ်ငြိမ်အောင် ခဏ အသုံးပြုတာမျိုး) နှင့် ရေရှည် အကိုက်အခဲ ပျောက်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ အိပ်ဆေးတွေမှာလည်း ဆေးပညာအရ သင့်လျော်သလို အသုံးပြုကြပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကာလတွေမှာ စစ်ပွဲကို ရေရှည်ဆင်နွဲနိုင်ဖို့အတွက် ဝင်ငွေတွေလည်း လိုအပ်နေတော့ တစ်ချိန်လုံးရန်ပုံငွေရှာဖို့က အခက်အခဲနိုင်ရှိပါတယ်။ ဥပမာ – ချင်းပြည်ရဲ့ (၂၀၁၄ ခုနှစ်) သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်းက (၄) သိန်းဝန်းကျင်ပဲရှိပါတယ်။ အပေါ်မှာ ပြောခဲ့သလို တစ်မြို့နယ်မှာ အစုအဖွဲ့ပေါင်းများနေတဲ့အခါ ပေးလှူတဲ့သူတွေ များသလောက် အလှူငွေတွေက ရရှိတဲ့အစုအဖွဲ့တွေအတွက် ထင်သလောက် မရနိုင်ပါဘူး။ ဒီလိုဆိုတော့ ရေတိုနဲ့ သူများကိုလည်း ဒုက္ခမပေးဘဲ ဝင်ငွေအများကြီးရရှိစေဖို့ မတ်လုံးကောင်းက မူးယဇ်ဆေးဝါးရောင်းဝယ်ရင်းနဲ့ တော်လှန်ရေးစစ်ပွဲ ဆင်နွဲခြင်းကို ရွေးချယ်ရတဲ့အဆင့် ဖြစ်လာနိုင်ပါတယ်။ ဒါကို တချို့က တော်လှန်ရေးကာလမို့လို့ တော်လှန်ရေးအခြေအနေကပေးတဲ့ နည်းလမ်းနဲ့ ရန်ပုံငွေရှာရတာပါဆိုပြီး ပြောဆိုသံတွေ ကြားရပါတယ်။

နောက်တစ်ချက်က ခေတ်ကာလက ဆိုးရွားနေတဲ့အခါ ပြည်သူတွေအနေနဲ့လည်း တခြားအလုပ်အကိုင်တွေလုပ်ဆောင်ဖို့ ခက်ခဲလွန်းပါတယ်။ ဒီလိုအခက်အခဲနှင့် အကြပ်အတည်းတွေက လူသားတွေကို ဆိုးကျိုးမှန်းသိပေမဲ့ အမြတ်အများကြီးရရှိစေတဲ့ ရွေးချယ်မှုမျိုးကို လုပ်လေ့လုပ်ထ ရှိပါတယ်။ ဒါကြောင့် တချို့ပြည်သူတွေက ရွေးချယ်လိုက်တာက ဘိန်းရောင်းဝယ်တာ၊ စိုက်ပျိုးတာတွေပါ။ ကြီးမားတဲ့ အန္တရာယ်က လူငယ် များများက ဒီမူးယဇ်ဆေးဝါးတွေကို များများသုံးစွဲလေလေ မျိုးဆက်သုန်းသွားနိုင်ပြီး အနာဂတ်မှာ လူငယ်တွေ မရှိလောက်အောင် ဖြစ်သွားနိုင်ပါတယ်။ နောက်အကြာင်းတရားတစ်ခုက စစ်ပွဲမှာ ဖိအားများနေတဲ့အခါ မူးယဇ်ဆေးဝါးသုံးစွဲဖို့အတွက် အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ဒီမူးယဇ်ဆေးဝါးအန္တရာယ်ကို အခုကတည်းနေ ဖြေရှင်းဖို့ မဟာဗျူဟာတွေ မချမှတ်နိုင်ဘူးဆိုရင် ချင်းပြည်သူတွေလိုချင်တဲ့ ချင်းပြည်သစ်က မသေချာမရေရာမှုနဲ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်။

၃။ သတိကြီးကြီးထားရမယ့် “နိုင်-ရှုံးစိတ်ထား”။

နာမည်ကြီး စာရေးဆရာဖြစ်တဲ့ Stephen R. Covey က သူ့ရဲ့ ကမ္ဘာကျော် The 7 Habits Of Highly Effective People စာအုပ်ထဲမှာ ဒီစိတ်ထားကို စတင်ရေးသား ခဲ့တာဆိုရင် မှားမယ် မထင်ဘူး။ “နိုင်-ရှုံး(Win-Lose)” ဆိုတာကို တိုက်ရိုက် ဥပမာ ပေးရရင်၊ တချို့နိုင်ငံ တွေမှာ တချို့တော်လှန်ရေး အဖွဲ့အစည်းတွေက လူအင်အားကို အသုံးချပြီး စစ်ပွဲတွေကို အနိုင်ယူဖို့ ကြိုးစားတတ်ကြပါတယ်။ တော်လှန်ရေးမှာ ခံစစ်နဲ့ ထိုးစစ်အနေ အထား၊ နယ်မြေအနေ အထားနဲ့ စစ်ပွဲအနေအထားကွဲပြားမှုကြောင့် အင်အား အနည်း၊ အများ လိုအပ်သလို အသုံးပြုတာက အမှားတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်ပွဲတိုင်းကို မဟာဗျူဟာထက် လူအင်အားကိုပဲ အားကိုးနေရင် ကြာလာတဲ့အခါ နိုင်-ရှုံးအနေအထား ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ကို နားလည်လွယ်အောင် ထပ်ပြောရမယ်ဆိုရင် ဥပမာ- ကျေးရွာတစ်ရွာတစ်ခုကို လွတ်မြောက်ဖို့အတွက် ကြိုးစားတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုအနေနဲ့ စုစုပေါင်း လူအင်အား (၃၀၀) ရှိတယ်။ အသက် (၅၀) ကျော်က (၁၂၀) ဦး၊ ကျန်တဲ့ (၁၈၀) ဦးက အသက် (၂၀-၄၉) အရွယ် လူငယ်-လူလတ်ပိုင်းတွေ၊ တိုက်ပွဲမှာ အဲဒီလူငယ်-လူလတ်ပိုင်းအားလုံးက ကျဆုံးသွားတယ်။ တိုက်ပွဲကိုတော့ အနိုင်ရလိုက်ပါတယ်။ တိုက်ပွဲပြီးသွားတော့ ကျန်တဲ့သူတွေက (၁၂၀) ဖြစ်တဲ့ လူကြီးအရွယ်တွေပဲ။ ဒါပေမဲ့ လူကြီးတွေကလည်း မြန်မာနိုင်ငံရဲ့ လူ့သက်တမ်းအရ နောက်ထပ် (၁-၁၀) နှစ်တာကာလအတွင်းမှာ အကုန်သေဆုံးသွားနိုင်ခြေက များနေတယ်။ နောက်မျိုးဆက်တစ်ခုက အရမ်းငယ်သေးတော့ မျိုးဆက်သစ်တစ်ခုက (Gap) ဖြစ်သွားတယ်။ ဒါကြောင့် ဒီလိုအနေအထားမျိုးကို “နိုင်-ရှုံး” လို့ ခေါ်တယ်။ နိုင်တော့ နိုင်တယ်၊ ဒါပေမဲ့ အကျိုးမရှိဘူး။ ဒီလိုသာဖြစ်ရင် လူ့အရင်းအမြစ် (Human Resources) တွေကို အလဟာသ ဖြုန်းတီးရာကျပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ အနာဂတ်အတွက် စဉ်းစားတွေးခေါ်နိုင်မှုက အရေးကြီးပါတယ်။ စစ်တပ်/ တော်လှန်ရေးတပ်ဖွဲ့တစ်ခုအတွက် အင်အားကို အနက်ဖွင့်ရာမှာ လူအင်အား၊ လက်နက်အင်အားနဲ့ ပစ်အား (weapons & fire powers)၊ မဟာဗျူဟာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ အနက်ဖွင့်ဆိုလာကြပါတယ်။ လူအင်အားက အခုခေတ်မှာ အဆင့် (၁) မှာ သိပ်မထည့်ကြတော့ပါဘူး။ ဆိုလိုတာက လူအင်အားရှိတိုင်း တိုက်ပွဲကို အနိုင်တိုက်ခိုက်နိုင်တာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပေါ်က ပြောထားတဲ့ အင်အားနဲ့ မဟာဗျူဟာပေါင်းစုံကို သေချာပေါင်းစပ်အသုံးချနိုင်မှ နိုင်ပါလိမ့်မယ်။

ဒါကြောင့် ချင်းပြည်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ တိုက်ပွဲ ဆင်နွဲတဲ့အခါ ဒီအချက် (factor) ကို အထူးသတိထားရပါမယ်။ တခြားလူမျိုးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံက အတုယူစရာအချက်တွေကို အတုယူလို့ရပေမဲ့ လူအင်အားကိုအသုံးချတဲ့ မဟာဗျူဟာလိုမျိုးဆိုရင် သတိထားကြရပါမယ်။ သင်္ချာရှုထောင့်ကနေပြောရရင် ချင်းပြည်မှာ လူအင်အားနည်းနေတဲ့အတွက် ချင်းလူမျိုး (၁) ယောက် သေဆုံးတာနဲ့ လူအင်အားများတဲ့ တခြားလူမျိုးစုရဲ့ (၁၀၀) သေဆုံးတာနဲ့ပဲ တန်းတူဖြစ်နိုင်ပါတယ်။ ချင်းလူမျိုး (၁၀) ယောက် သေဆုံးရင် လူအင်အားရှိတဲ့ တခြားလူမျိုး (၁၀၀၀) ထောင်နဲ့ပဲ ညီမျှနိုင်ပါတယ်။ ဒါကြောင့် ချင်းပြည်ရှိ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ “နိုင်-ရှုံး (Win-Lose) စိတ်ထား/မဟာဗျူဟာလိုမျိုးကို အထူးသတိမထားနိုင်ဘူးဆိုရင် ချင်းပြည်သစ်ရဲ့ အနာဂတ်က အတောင်ကျွတ်နေပြီဖြစ်တဲ့ ငှက်အိုကြီးတွေရဲ့ လက်ထဲမှာပဲ ရှိနေပါလိမ့်မယ်။

၄။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ မဏ္ဍိုင်ကြီး (၃) ရပ်အား ကျေးရွာအဆင့်၌ အကောင်အထည်‌ဖော်ခြင်း။

နိုင်ငံအဆင့်မှာ ဒီအချက် (၃) ခုကို အကောင်အထည်ဖော်ဆောင်ဖို့ တွန်းအားပေးနေကြပေမဲ့ ကျေးရွာအဆင့်မှာ ဒီဟာတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်မှု အရမ်းအားနည်းကြပါတယ်။ မလိုအပ်ဘူးလို့လည်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ ချင်းပြည်သစ် (the New Chinland) မှာ ဒီအချက်ကို လက်တွေ့လုပ်ဆောင်နိုင်ရပါမယ်။ ယခင် ဘိုးဘေးခေတ်ကာလတုန်းကလို ကျေးရွာလူကြီးတစ်ဦးတည်းက အုပ်ချုပ်လည်းသူ၊ တရားခံကို ဖမ်းလည်းသူ၊ တရားစီရင်လည်းသူ…. လိုမျိုးစိတ်ထားနဲ့ ဆက်သွားလို့ မရတော့ဘူး။ ဒီလိုစိတ်ထားနဲ့သွားမယ်ဆိုရင် အခု တော်လှန်ရေးလုပ်နေတာ ချက်ချင်းရပ်တန့်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကောင်အထည်ဖော်ဆောင်တာကို ပိုကောင်းမွန်ပါလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်လို့ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ဆောင်တော့မယ်ဆိုရင် ကျေးရွာအဆင့် “ဖွဲ့အစည်းပုံ အခြေခံဥပဒေ” (သို့) Charter တစ်ခုနဲ့သာ မဖြစ်မနေ အုပ်ချုပ်ရပါမယ်။ ဒီ charter တစ်ခုက စာမျက်နှာအရ ၅၀-၁၀၀ မျက်နှာလောက်ပဲ ရှိကောင်းရှိနိုင်ပါတယ်။

သေနတ်ကိုင်တဲ့ လက်နဲ့ ပြည်သူ/ကျေးရွာကို အုပ်ချုပ်မယ်ဆိုရင် ကိုယ်လည်း မကြာဘူး၊ အာဏာရှင်အသေးစားဖြစ်လာ ပါလိမ့်မယ်။ မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့အစည်း အတော်များများမှာ ဒီလိုပဲ ဖြစ်နေတတ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ စစ်ရေးတို့၊ တရားစီရင်ရေးတို့ဆိုတာ နာမည်အရဘဲ ခွဲခြားထားပြီး တစ်ဦးတည်းကသာ ချုပ်ကိုင်ထားတာမျိုးပါ။ ဒီလိုမျိုးသာ လုပ်ဆောင်နေမယ်ဆိုရင် ကိုယ့်ကိုမခံနိုင်လို့ နောက်ထပ် မိမိကို ပြန်တော်လှန်မဲ့ အဖွဲ့အစည်းတွေ ထပ်ပေါ်လာပါလိမ့်မယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်တွေမှာ ဒီလိုဖြစ်ပျက်ခဲ့ပါတယ်။ ဘုရင်တစ်ပါးကို မခံနိုင်လို့ ပြည်သူတွေက တော်လှန်တယ်၊ နိုင်တယ်။ သူတို့အထဲက ခေါင်းဆောင်ကို အုပ်ချုပ်သူ ဘုရင်အနေနဲ့ ချီးမြှောက်လိုက်ကြတယ်။ မကြာဘူး “ကျားကြောက်လို့ ရှင်ကို ကိုး၊ ရှင်ညို ကျားထက်ဆိုး” ဆိုလို ဖြစ်လာပါတယ်။ နောက်သူ့ကို တော်လှန်ဖြုတ်ချလိုက်ကြတယ်၊ သူ့တို့အထဲက နောက်တစ်ယောက်ကို ပြန်တင်တယ်။ ဒီအတိုင်းပဲ၊ သံသရာလည်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ/ ပြည့်သူအုပ်ချုပ်ရေးကို လက်တွေ့ကျင့်သုံးတဲ့အခါ မဏ္ဍိုင်ကြီး (၃) ရပ်ကို သီးခြားစီခွဲခြားပြီး၊ ၎င်း နေရာ (၃) ခုအတွက် ထိုင်ခုံတွေကိုလည်း ပြည်သူက မဲပေးစနစ်နဲ့ ရွေးချယ်နိုင်တဲ့ အခွင့်အရေးမရှိခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူနည်းနည်းလေးပဲရှိတဲ့ ကျေးရွာ အဆင့်မှာ ဒီအချက်တွေကို လက်တွေ့ ဘယ်လို အကောင်အထည်ဖော်ဆောင်မလဲဆိုတာ စီစဉ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသရွေ့ ချင်းလူမျိုးတွေ အိမ်မက် မက်နေကြတဲ့ ချင်းပြည်သစ်(the New Chinland)ကို တည်ဆောက် ဖို့ အလှမ်းဝေးနေအုံးမှာပါ။ အနာဂတ်ချင်းပြည်သစ်ကို တည်ဆောက်ဖို့ စိတ်ဓာတ်တော်လှန်ရေးက အဓိကအရေးပါတယ် ဆိုတာကို လည်း မမေ့ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးဆိုတာ “မခံချင်လို့ တော်လှန်တာ၊ စိတ်ဓာတ်ကနေ အစပြု” ခဲ့လို့ပဲ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ စာရေးသူ ဟန်နရီမင်းသည် ခေတ်သစ် ချင်းနိုင်ငံရေးသမိုင်းကြောင်းကို လေ့လာနေသူတစ်ဦးဖြစ်ပြီး ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.