(006SV)
ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေးအတွက် ဗျူဟာကျသည့် နေရာများကို ဦးစားပေးသိမ်းပိုက်နိုင်ရေးကို ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။
မေလ ၃၁ ရက် ချင်းလုံမြို့တွင် ချင်းပြည်အစိုးရ၏ တတိယအကြိမ် ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းပြည်တွင် စစ်ကောင်စီ ကင်းစင်ရေးနှင့် အမျိုးသား လုံခြုံရေး အပါအဝင် အခြားကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
“အဓိကက ချင်းလဲန်းအတွင်းမှာ စစ်ကောင်စီ ကင်းစင်နိုင်ဖို့အတွက်ပါ။ ချင်းလဲန်းအတွင်းက တပ်စခန်းတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေးက ကျနော်တို့ရဲ့ ဗျူဟာ၊ နည်းဗျူဟာဖြစ်ပါတယ်။ အဲလို သိမ်းပိုက်နိုင်ဖို့အတွက် နည်းဗျူဟာကျတဲ့ နေရာတွေကို ဦးစားပေးသိမ်းပိုက်နိုင်ဖို့ ဆွေးနွေးကြတာ ရှိပါတယ်” ချင်းလဲန်းကောင်စီ၊ အထွေထွေ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးအဖွဲ့ (၁၄) ဖွဲ့ခန့်က အားလုံးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်တွင်းက စစ်ကောင်စီ စစ်စခန်းများကို အမြန်ဆုံး အလုံးစုံ သိမ်းပိုက်နိုင်ရေးအတွက် နည်းဗျူဟာ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နေကြောင်း သိရသည်။
ချင်းလဲန်းကောင်စီ၏ ရည်မှန်းချက်သည် ချင်းပြည် လွတ်မြောက်ဖို့ဖြစ်သောကြောင့် တီတိန်းမြို့က စစ်ကောင်စီစခန်းကို ချင်းညီနောင်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နိုင်ရေးအတွက် အမြဲတမ်း ဆန္ဒရှိကြောင်း ဆလိုင်းပေါလ်က ပြောသည်။
“ကျနော်တို့အနေနဲ့က တီးတိန်မြို့မှ မဟုတ်ဘူး။ ချင်းပြည်အတွင်းက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့ ပူးပေါင်းတိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်က ချင်းပြည် လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ တီးတိန်ဟာ ချင်းလဲန်းဖြစ်တယ်။ ချင်းလူမျိုးတွေ နေတဲ့ နေရာဖြစ်တဲ့ အတွက် ကျနော်တို့အနေနဲ့ ပူးပေါင်းတိုက်ခိုက်နိုင်ဖို့ အမြဲတမ်းဆန္ဒ ရှိပါတယ်” ဟု ချင်းလဲန်းကောင်စီအတွင်းရေးမှူးက ပြောသည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်မြောက်ပိုင်းက တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို့ ချင်းလဲန်းကောင်စီအောက်က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက် အလုံးစုံသိမ်းပိုက်ခဲ့သည်။
မေလ ၂၇ ရက်တွင် တွန်းဇံမြို့နှင့် ကပ်လျက်တည်ရှိသည့် တီးတိန်မြို့ကို သိမ်းယူနိုင်ရန် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစခန်းတချို့ကို သိမ်းယူထားပြီဖြစ်သည်။
ချင်းပြည်တွင် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေး၊ ကျီခါးနှင့် တွန်းဇံမြို့တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များစခန်းစွန့်ခွာသွားသည့် ဝေဘူလ၊ နှာရိန်၊ မကွီအိမ်နူးနှင့် ဆူခွာရ်မြို့တို့ကိုလည်း ထိန်းချုပ်ထားသည်။