(006SV)
ချင်းပြည်နယ်အတွင်းက ဒေသခံပြည်သူများကို အသေးစားချေးငွေပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၅ သိန်းတန် ရှေ့ပြေး စီမံကိန်းကို NUG အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
ယင်းစီမံကိန်းသည် ယခုနှစ်အတွင်း လုပ်ငန်းလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
ယနေ့ ဇွန်လ ၃ ရက်က အွန်လိုင်းမှ တဆင့်ကျင်းပပြုလုပ်သော “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျ ဆုံးခန်းဆီသို့” သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့နဲ့ မဟာမိတ်တွေ ပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တင်ထားတဲ့ ပမာဏက ဒေါ်လာ ငါးသိန်း မကပါဘူး။ သို့သော် ကျနော်တို့ တစ်ဆင့်ချင်း သွားရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ SCB ဘက်ကနေ ဒေါ်လာ ငါးသိန်း စီမံချက်ကို ပိုင်လော့ ပရောဂျက်အနေနဲ့ စနိုင်ဖို့ဆိုပြီးတော့ လိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေမှာ ဖြစ်ပါတယ်။ အကျိုးကျေးဇူး ခံစားရမှာက ချင်းပြည်နယ်မှာ ရှိနေကြတဲ့ ဒေသခံတပိုင်တနိုင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်နေကြတဲ့ လူတွေကို သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ နွေဦးဖွံ့ဖြိုးရေးဘဏ်ကနေ ငွေကြေးအရ ထောက်ပံ့တာဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ ပြည်သူလူထုက တော်လှန်ရေးအတွက် အပ်နှံထားသော ငွေကြေးတချို့ထဲမှ အသေးစားချေးငွေပေးနိုင်ရေး ချင်းပြည်နယ်အတွက် CNF နှင့် ကရင်နီပြည်နယ်အတွက် ကရင်နီကြားကာလအတိုင်ပင်ခံကောင်စီ (IEC) တို့နှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် သက်ဆိုင်ရာနယ်မြေ တော်လှန်ရေးအင်အားစုများက အဆိုပါစီမံကိန်းမှရရှိလာမည့် ငွေကြေးများအား မည်ကဲ့သို့ လူထုအတွင်း ခွဲဝေသုံးစွဲမည်ကို အသေးစိတ်ညှိနှိုင်းနေဆဲဖြစ်ပြီး ယင်းကိစ္စပြီးပါက လုပ်ငန်းလည်ပတ်မှု စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုုးရေး၊ မွေးမြူရေးအပါအဝင် တနိုင်တပိုင် လုပ်ငန်း လုပ်ကိုင်ကြသူများ၊ အရောင်းအဝယ် လုပ်ကိုင်ကြသူများ၊ လုပ်ငန်းအတွက် အရေးပေါ်ငွေကြေး လိုအပ်သူများကို အသေးစားချေးငွေအဖြစ် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
“ချင်းအမျိုးသားတပ်ဦး CNF နဲ့လည်း သူတို့ဘက်က Business plan (စီးပွားရေးစီမံချက်) တင်လာတာရှိတယ်။ အဲဒါကို အမြန်ဆုံး ပြီးမြှောက်အောင် ညှိနှိုင်းနေတယ်။ ပြောရရင် ဒီနှစ်ထဲမှာတော့ ဖြစ်အောင် ဆောင်ရွက်မယ်” ဟု NUG အစိုးရဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းလာနေသည့် စီးပွားရေး အခြေအနေများကြောင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည် သူလူထု ကို ကူညီရန် အထူးတိုက်တွန်းလိုကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာမှ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး မစ္စတာရှောင်တာနဲလ်တို့က တက်ရောက်ပြောကြားခဲ့ကြသည်။