(006SV)
ချင်းလဲန်းကောင်စီ – CC က ချင်းပြည်အစိုးရဖွဲ့စည်းခြင်းကို အသိအမှတ်မပြုဘဲ လုံးဝ ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုုးသား အတိုင်ပင်ခံကောင်စီ – ICNCC က ယနေ့ ဇန်နဝါရီလ ၃ ရက်မှာ ထုတ်ပြန်ကြေညာသည်။
ICNCC သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာအရ တစ်ခုတည်းသော တရားဝင် ချင်းပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်အဖြစ် ရပ်တည်သော ကောင်စီဖြစ်ပြီး ICNCC ကသာ ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။
ချင်းပြည်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ချင်းလဲန်းကောင်စီ ပေါ်ပေါက်လာပြီးနောက် ချင်းလူထုနှင့် တော်လှန်ရေးအဖွဲ့များအကြား မညီမညွတ်မှုများ၊ စိတ်ဝမ်းကွဲပြားမှုများ၊ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာသည်ဟု ICNCC က ဆိုသည်။
ချင်းပြည်အတွင်း ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်နေသောကာလတွင် အစိုးရဖွဲ့ခြင်းမျိုး မလုပ်ရန် ပြည်တွင်း/ပြည်ပ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေး၊ အကြံပြုခဲ့သော်လည်း ချင်းလန်းကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ICNCC ထုတ်ပြန်သည်။
ချင်းလဲန်းကောင်စီ၏ ချင်းပြည်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာလာခြင်းသည် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို လွန်စွာမှ အဟန့်အတာဖြစ်စေသည်ဟု ICNCC က ဆိုသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ယနေ့အချိန်ထိ ပူးပေါင်း၍ အတူတကွ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
NUCC ထံသို့ ကိုယ်စားလှယ်များ စေလွှတ်ထားပြီး NUG အစိုးရတွင် ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နေရာများကိုလည်း တာဝန်ထမ်းဆောင်ရန် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု သိရသည်။