(06SV)
ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီ၏ စစ်မျက်နှာ ၂ ခုဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် တစ်လကြာ စစ်ဘေးရှောင်နေရသော ချင်း-မကွေးနယ်စပ်က ဒေသခံပြည်သူများ ယနေ့ နေရပ်ပြန်လာကြပြီဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
“အကုန်လုံးနီးပါး ပြန်နေကြတယ်ဆိုတာက ပြည်သူတချို့နဲ့ ကျေးရွာ ပကဖ အဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရေး လုပ်တဲ့ဟာ၊ ရွာထဲ ပြန်ဝင်တဲ့ဟာ ဖြစ်မှာပါ။ အခုက ကာကွယ်ရေးအဖွဲ့တွေ က ရှင်းလင်းရေး တွေလုပ်ပြီးတာနဲ့ တချို့ရွာတွေက ပြန်နေကြတာပေါ့။ လမ်းမပေါ်က ရွာတွေက ဖျက်းစီးခံရတဲ့ အိမ်တွေက နေလို့ အဆင်မပြေသေးဘူး။ အဲဒါတွေကတော့ ကာကွယ်ရေးအဖွဲ့က ညွှန်ကြားချက်ပေးမှ ပြန်နေမှာ။ လမ်းမပေါ်မဟုတ်ပဲနဲ့ ကျေးရွာတချို့ကတော့ ရှင်းလင်းရေး ဝင်ပြီးရင်တော့ သူတို့ကို ပြန်နေခွင့်ပေးထားပါတယ်” ဟု ချင်းကာကွယ်ရေး တပ်- ကန်ပက်လက်မှ ဒုတပ်မဟာမှူး မနားနိုင်က ပြောသည်။
ကျင်ဒွေး-လောင်းရှည်လမ်းပေါ်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ် စသော ကျေးရွာ (၃) ရွာမှာ မိုင်းရှင်းလင်းရေး လုပ်နေဆဲ ကာလဖြစ်၍ နေထိုင်ခွင့် မပေးသေးဘဲ တခြားကျေးရွာများအားလုံးကို ပြန်လည်နေထိုင်ခွင့်ပေးထားသည်ဟု ဒု-တပ်မဟာမှူးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သော လမ်းတလျှောက်တွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ထောင်ထားသော မိုင်းတို့၏ ၆၀ ရာခိုင်နှုန်းခန့်ကို မိုးအဆက်မပြတ်ရွာနေသောကြောင့် မရှင်းလင်းနိုင်သေးကြောင်း တော်လှန်ရေးအင်အားစုတွေက ပြောသည်။
သို့သော် မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ကျေးရွာများမှ ဒေသခံတချို့လည်း ယနေ့တွင် စစ်ဘေးရှောင်နေရာမှ ပြန်လာနေကြသည်ဟု ဒေသခံများက ပြောသည်။ မဆာတွီရွာအနီး တိုက်ပွဲပြင်ထန်းမှုကြောင့် လေကြောင်း တိုက်ခိုက်မှုအပါအဝင် မီးရှို့မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ် ၈ လုံးပျက်စီးခဲ့သည်ဟု သိရသည်။
“လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ပြည်သူတွေအတွက်တော့ အစည်းအဝေးတွေ ခေါ်ပြီးတော့ အန္တရာယ်နယ်မြေအဖြစ် CDF တွေက သတ်မှတ်ထားတာ ရှိပါတယ်။ အဲနေရာတွေကို ဘောင်ကျော် မသွားဖို့ ပြည်သူတွေက အတတ်နိုင်ဆုံး လိုက်လျှောက်ပေးဖို့ တောင်းဆိုထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ချင်း- မကွေးနယ်စပ်မှ ကန်ပက်လက်မြို့နယ်ထဲက ဒေသခံ တစ်ထောင့်ငါးရာကျော်သည် စစ်ကောင်စီတပ် စစ်ကြောင်းမထိုးမီ ဇူလိုင်လ ၉ ရက်ခန့်ကကတည်းက တောတောင်တွေထဲနှင့် နီးစပ်ရာ ကျေးရွာတွေမှာ စစ်ရှောင်နေ ကြရသည်။
မကွေးတိုင်းအတွင်းက ပြည်သူ တစ်ထောင်ခန့်လည်း စစ်ရှောင်ကြရသည်ဟု သိရသည်။
လက်ရှိ စစ်ဘေးရှောင်များမှာ ရာသီဥတုကြောင့် ဖျားနာမှုများ အဖြစ်များနေပြီး ဆေးဝါးအကူအညီများအပါအဝင် အခြေခံစားနပ်ရိက္ခာများလည်း လိုအပ်နေသည်ဟု တော်လှန်ရေးအင်အားစုတွေက ပြောသည်။
စစ်ကောင်စီသည် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်နှင့် ကျင်ဒွေးသို့ စစ်ကြောင်းနှစ်ခုဖြင့် စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန် နှစ်ပတ်နီးပါးကြား ထိုးစစ်ဆင်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။