(002MG)
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်ဖွဲ့ဘက်က မြေပြင်နှင့် လေကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
ခမ်းပတ်မြို့ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ယမန် နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစ၍ ခမ်းပတ်မြို့ ထဲကို ၀င်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CNO UCR တပ်မဟာ ၄ တပ်မဟာမှူးကပြောသည်။
“သူတို့က မနေ့က ၁၁ နာရီလောက်မှာ ခမ်းပတ်ဖက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲသွားတယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့ထဲမဝင်ဖို့အတွက်ကြိုးစားပြီးကာထားရတာပေါ့ ကာတဲ့ကင်းတွေနဲ့ ထိတွေ့မှုက ခနခနရှိ နေတယ်။ ဒီနေ့မှာလည်း ခုနမှပဲ သေနတ်သံတွေငြိမ်တာ” ဟု တပ်မဟာမူးက ပြောသည်။
ကလေး-တမူးကားလမ်းမပေါ်က ခမ်းပတ်မြို့ကို ပြီးခဲ့သည့်နို၀င်ဘာလ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသည်။
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ခမ်းပတ်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ခမ်းပတ်မြို့ကိုပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင်လာခဲ့ပြီး ယမန်နေ့က နှစ်ဖက်ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီဟု ယနေ့ သတင်းများထွက်ပေါ်လာသော်လည်း ကောလဟလသသာဖြစ်သည်ဟု CNO-Upper Chindwin Region တပ်မဟာ (၄) တပ်မဟာမှူးကပြောသည်။
“မြို့ကိုတော့ သိမ်းတာမဟုတ်ဘူး သူတို့ စခန်းထဲကို ပြန်ဝင်နိုင်တယ်၊ ဒါပေမယ့် စခန်းထဲကို မနေရဲပဲ အခုပြန်ထွက်သွားပြီ၊ ကျွန်တော်တို့ ကောင်းကောင်းလေး လိုက်ကြည့်နေတယ်၊ မနေ့က အနောက်တောင်ဖက်ကနေ ပတ်လာပြီးတော့ အရင်တုန်းက သူတို့နေခဲ့တဲ့တပ်စခန်းကို ဝင်လာတယ်၊ ကျွန်တော်တို့က ဒီတပ်စခန်းတွေကို စက်ကြီးတွေနဲ့ အကုန်လုံး ဖျက်ဆီးပြီးသား ပြန်တည်ဆောက်ပြီးယူဖို့ဆိုတာက တော်တော်လေး အချိန်ပေးရမယ့်အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ခမ်းပတ်မြို့ထဲသို့ ၀င်ရောက်လာပြီဖြစ်သော် လည်း မြို့ထဲသို့ တပ်စွဲထားခြင်းမရှိဘဲ မြို့ပြင်ဘက်တွင် ပြောက်ကျားစနစ်ဖြင့် ရှိနေကြသည်ဟု သူကဆက်ပြောသည်။
ယခုလက်ရှိတွင် ခမ်းပတ်မြို့က ပြည်သူအားလုံးနီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။