(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့ ခြေလျင်တပ်ရင်း – ၂၇၄ ကို စစ်ကောင်စီက လေကြာင်းမှ (၄) ကြိမ်ခန့် ယနေ့တွင် လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လာရောက်ဖြည့်တင်းသွားကြောင်း မင်းတပ်မြို့ခံများက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းသို့ စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် ၄ ကြိမ်ခန့် လာရောက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ် (၁၀) ထုပ်ခန့်ကို လေထီးများဖြင့် ပစ်ချ၍ ဖြည့်တင်းနေမှုကို တွေ့မြင်ရကြောင်း မြို့ခံ ကိုဟာကလေးက ပြောသည်။
“တစ်ခါမှ အခုလိုလေကြောင်းကနေ မချဖူးဘူး။ သူတို့ကုန်းကြောင်းနဲ့ သွား လာဖို့အဆင်မပြေတော့လို့ နေမယ်။ ကျည်ဆံ၊ လက်နက်ကြီးကျည်တွေဖြစ်ဖို့ များတယ်။ အစားအသောက်ကတော့ သိပ်မထင်မိဘူး။ ခုချိန်အဲ့လောက် အစားသောက်က မခက်ခဲသေးဘူး”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
ခလရ ၂၇၄ တပ်စခန်း အနီးဝန်းကျင်းတွင်လည်း စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြား တိုးမြှင့်ချထားသည်ဟု သိရသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ချလိုက်သော တချို့အထုပ်များသည် ၂ မိုင် ကန်ကြီးဥယျာဉ်နှင့် ၃ မိုင်ကုန်းကြားတို့တွင် ကျရောက်ပြီး တချို့မှာ ခလရ ၂၇၄ တပ်ရင်းထဲရှိ ထင်းရှုးပင်များတွင် တင်နေသည်ကို တွေ့မြင်ရကြောင်း သိရသည်။