ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ တောင်ကုန်များကို အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု The Chinland Post က ရေးသားသည်။
ထန်တလန်နှင့် ဟားခါးကြားတွင် စစ်ကောင်စီတိုက်လေယာဉ်က အနည်းဆုံး ၄ ကြိမ်ခန့် ဗုံးကြဲခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး The Chinland Post ကဖော်ပြသည်။ ယင်းတိုက်ခိုက်မှုတွင် CDF တပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်ပိုင်းကစ၍ ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့အား ကြားညှပ်ပိတ်ဆို့ထားသောကြောင့် လေကြောင်းမှ ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။