အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာနှင့် ခွန်မွန်းနွန်ကျေးရွာမှ ပြည်သူ (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် နမွန်းတားကျေးရွာတွင် ၎င်းတို့၏ရုပ်အလောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
“မနေ့က သေနတ်ပစ်ခတ်ပြီးတဲ့နောက်မှာ ပြည်သူ (၃) ဦး ပုန်းနေရင်းနဲ့ ဖမ်းသွားတယ်။ ဒီမနက်က သတ်လိုက်တယ်ပြောလို့ အခုအလောင်းသွားသယ်မလို့ အခြေအနေကောင်း/မကောင်း စောင့်ကြည့်နေတာ ကောင်းရင် သွားသယ်ကြမှာ” ဟု ရန်လင်းဖိုင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သည့် ပြည်သူ (၃) ဦးမှာ ရန်လင်းဖိုင်ကျေးရွာမှ ဦးပေါင်တင်းထန်၊ ဦးဟောင်လင်မာန်းနှင့် ခွန်မွန်းနွန်ကျေးရွာက ဦးဆေးခိုထန်တို့ဖြစ်ကြပြီး ၎င်းတို့သည် ယမန်နေ့ပစ်ခတ်မှုအတွင်း စာသင်ကျောင်းနှင့် နေအိမ်တွင် ပုန်းအောင်းနေစဉ် စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက ရန်လင်းဖိုင်ကျေးရွာဘက်သို ဝင်ရောက်လာပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လူနေအိမ် ၆ အိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားအားလုံးသည်လည်း လယ်တောနှင့် အနောက်ဖက် အိန္ဒိယနယ်စပ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့မှ ရန်လင်းဖိုင်ကျေးရွာအတွင်းရှိ TBA ဘုရားရှိခိုးကျောင်းကို သေနတ်ဖြင့် ပစ်ခတ်ဖျက်စီးခဲ့ပြီးဖြစ်သည်။
ရန်လင်းဖိုင်ကျေးရွာသည် တမူး-ကလေးကားလမ်းဘေးတွင်တည်ရှိပြီး အိမ်ခြေ ၁၃၀ ကျော်ရှိသည့် ထာဒိုကူကီး ချင်းမျိုးနွယ်များနေထိုင်သည့်ကျေးရွာဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တမူးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာနေပြီး ယမန်နေ့ ညနေပိုင်းကလည်း Tamu-PDF တပ်ရင်း (၃) မှ အင်အား (၁၀ဝ) ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကားနှစ်စီးထိမှန်ကာ စစ်သားအများအပြား ထိခိုက်သေဆုံးနိုင်သည်ဟု Tamu- PDF က ထုတ်ပြန်ထားသည်။
ထို့အပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း တမူးမြို့နယ် ပန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များကို တမူးဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစနှင့်ပျူစောထီးအဖွဲ့ဝင် ၂၅ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။