ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) တွင် ယနေ့ညနေပိုင်း ၄ နာရီကျော်ကျာ်ခန့်က စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ကျည်ဆံထိမှန်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်း၊ မြို့လှရပ်ကွက်မှ စက္ကန့်နှင့် လက်ပံခုံကျေးရွာဘက်သို့သွားသည့် လမ်းခွဲတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အပြန်လမ်းတွင် ၎င်းတို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေနတ်များရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) မှ အသက် ၅၀ အရွယ်ခန့်ရှိသော ချင်းအမျိုးသားတစ်ဦးသည် ဘုရားကျောင်းထဲသို့ ပြေးဝင်နေစဉ်တွင် ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး မြို့လှရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိ (မစိုးရိမ်ရ) ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ညနေပိုင်း ၅ နာရီခန့်ကလည်း တာဟန်းရပ်ကွက်နေကြာတိုက်အနီးတဝိုက်တွင် သေနတ်ပစ်ခတ်သံများကြားရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။