စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကစ၍ ဧပြီလ ၃ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ကြားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ အိမ်ခန့် မီးလောင်းခဲ့သည့်အပြင် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-KKG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျပြီးတော့ လုံးဝလောင်သွားတာက ၆ အိမ်လောက်၊ လက်နက်ကြီးကျပြီးတော့ တပိုင်းတစပျက်စီးတဲ့ နေအိမ်က ၁၀ အိမ်ထက်မနည်းရှိတယ်။ လေကြောင်းပစ်ကူနဲ့ ကလေးမြို့ကနေ လက်နက်ကြီး၊ လက်နက်ငယ် ထိတဲ့ဟာတွေဖြစ်ပါတယ်” ဟု CDF-KKG တပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။
ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၈၀၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။
ဒေသခံပြည်သူများအားလုံးသည် ကလေးမြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။
ယနေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်သည့်အချိန်တွင် ပျဉ်းတောဦးကျေးရွာတွင် အမည်မသိအရပ်သား ၂ ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။