မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးတင်သွင်းမှုနှင့် ဖမ်းဆီးမှု တိုးလာနေကြောင်း Mizoram Excise & Narcotics (MEN) ဌာနက ထုတ်ပြန်သည်။
MEN ၏ ထုတ်ပြန်ချက်အရ မီဇိုရမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ တိုးများလာခြင်းကြောင့်မဟုတ်ဘဲ မြန်မာ့နိုင်ငံရေးအခြေနေကြောင့် ၎င်းတို့ပြည်နယ်သို့ မူးယစ်ဆေးဝါးဝင်ရောက်လာမှု များပြားနေရခြင်းဖြစ်သည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။
မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအများစုမှာ ဘိန်းဖြူနှင့် Methamphetamine စိတ်ကြွဆေးပြားများဟု သိရသည်။
ယခုရက်ပိုင်း မီဇိုရမ်ရှိ ဘိန်းဖြူကြောင့် ဖမ်းဆီးခံထားရသူများမှာလည်း ယခင်က ဘိန်းဖြူရောင်းဝယ်သူမဟုတ်ဘဲ လူသစ်များဖြစ်နေသည်ဟု MEN ဌာနကဆိုသည်။
မီဇိုရမ်တွင် ဖမ်းဆီးထားသော ဘိန်းဖြူအများစုမှာ မြန်မာနိုင်ငံ ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ယခင်နှစ်တွေထက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီဇိုရမ်တွင် ဘိန်းဖြူဖမ်းဆီးမှုများ သိသိသာသာတိုးလာနေသည်။