(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို တရွာပြီးတရွာမီးတင်ရှို့နေပြီး ကျေးရွာပေါင်း ၆ ရွာက လူနေအိမ်ခြေရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရပြီဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဧပြီလဆန်းပိုင်းကစတင်စစ်ကြောင်းထိုးဝင်ရောက်လာကာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာ များကိုပါ စစ်ကောင်စီက မီးပတ်ရှို့နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တောက်လျှောက်မီးရှို့တာ၊ စစ်ကြောင်းထိုးပြီးမှ သူတို့ကိုယ်တိုင်ပဲ ထိတွေ့မှုရှိရှိ/မရှိရှိ သူတို့တွေက မီးရှို့တာ။ ဖြစ်တဲ့နေရာပဲရှို့မယ်ဆိုရင် သူတို့ (၃) နေရာလောက်ပဲရှိမှာ အခုက ပတ်ခြာလည်ရှို့တာကိုး၊ ရွာတွေက မီးရှို့ တာပဲမြင်ရတယ်၊ ဘယ်လောက်လောက် မီးထဲပါသွားလဲဆိုတာ တပ်ဖွဲ့ဝင်တွေ ဝင်လို့မရသေးတော့ မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးက ပြောသည်။
ဧပြီလဆန်းကစ၍ ယနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်းဒေသက ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ နန်းချောင်း၊ ဆည်ကြီး နှင့် ချင်း-ကလေးအစပ် တီးတိန်မြို့နယ် မိုင်နွဲကျေးရွာတို့ကို စစ်ကောင်စီက မီးရှိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ပျဉ်းခုံကြီးရွာက ဘုရားကျောင်း ၅ ကျောင်းအပါအဝင် အိမ်ခြေ ၄၀၀ နီးပါး၊ ဟံသာ ကျေးရွာနှင့် ယောက်ချိုကွင်းကျေးရွာတွင် အိမ်ခြေ ၃၀ ကျော် နှင့် မိုင်နွဲကျေးရွာတွင် ဘုရားကျောင်း ၂ ကျောင်း အပါ အဝင် အိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
နန်းချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧပြီလ ၂၄ ရက်နေ့ကစ၍ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလ ၂၅ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာကို မီးရှို့ကာ အိမ်ခြေမည်မျှ လောင်ကျွမ်းပျက်စီးသွားသည်ကို မသိရသေးပေ။
ထို့အပြင် ယနေ့ ဧပြီလ ၂၆ ရက်နေ့မနက်ပိုင်းတွင်လည်း ဆည်ကြီးရွာကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး အသေးစိတ်အခြေ အနေကိုမူ မသိရသေးပေ။
“ဆည်ကြီး ရွာမြောက်ပိုင်းက စာသင်ကျောင်းဖက်မှာလည်း အခု ၃ နေရာလောက် မီးခိုးထွက်တယ် များလာပြီ၊ မီးပြန်ရှို့တယ်၊ ပြီးခဲ့တဲ့တခေါက်က တစ်အိမ်လောင်သွားတယ်။ ခုခေါက်က များမယ့်ပုံပဲ အခုစစ်တပ်တွေက အဲ့မှာပဲရှိနေသေးတယ်” ဟု ဆည်ကြီးဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကတုန်းကလည်း ကလေးမြို့မြောက်ပိုင်းက ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။
ကလေးမြို့မြောက်ပိုင်းတွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ကလေး-လက်ပံချောင်းလမ်းမပေါ်ရှိသော ပြည်တော်သာ၊ သာယာကုန်း၊စမိတ်၊မျောက်ချော တော၊ပျဉ်းတောဦး၊ညောင်ကုန်း၊ပျဉ်းခုံကြီး၊မော်စီ၊ ဆည်ကြီး၊ မိုင်နွဲ့၊ နန်းချောင်းစသည့်ကျေးရွာများမှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက် သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်မြောက်ပိုင်းဘက်သို့ တပ်ဖွဲ့အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟုလည်း ကလေးမြို့တွင်း စစ်ရေးစောင့်ကြည့်နေသူများထံမှ သိရသည်။