(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရသော မြို့ခံပြည်သူအများစုမှာ ယခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။
တွန်းဇံမြို့သို့ နေရပ်ပြန်သည့် အမျိုးသမီးတဦးက ”ပြည်သူတွေက အယောက် (၁၀၀) တောင်မပြည့်ဘူး၊ ရာခိုင်နှုန်းနဲ့ ဆိုရင် ၂၀ လောက်ပဲရှိမယ်၊ တချို့ကပြန်လာလိုက် ပြန်သွားလိုက်ပဲ။ သူတို့ပြန်မလာဖြစ်တာက နောက်တခါထပ် ဖြစ်မယ်၊ မင်းတပ်၊မတူပီဖက်တွေဆိုရင်လည်း ဗုံးတွေထပ်ကြဲတော့ အဲ့လိုဖြစ်မှာစိုးလို့ ပြန်မလာရဲကြတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က နောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာမည်ကို စိုးရိမ်နေကြသည့်အပြင် ZRA တပ်ဖွဲ့ကလည်း တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေသည့်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသခံအများစုမှာ နေရပ်မပြန်ရဲကြခြင်းဖြစ်သည်ဟု သိရသည်။
တွန်းဇံမြို့ပေါ်တွင် အိမ်ခြေ တစ်ထောင်ကျော်နှင့် ပြည်သူ ရှစ်ထောင်နီးပါးရှိသည်ဟု သိရကာ လက်ရှိ မြို့ပေါ်တွင် လူဦးရေ (၁၀၀) နီးပါးသာရှိပြီး ၎င်းတို့သည် တိုက်ပွဲအတွင်း ထွက်ပြေးမတိမ်းရှောင်သည့်ပြည်သူများနှင့် နေ အိမ်ပြန်ကြည့်ရန် ပြန်လာကြသူများဖြစ်သည်ဟု သိရသည်။
တွန်းဇံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေးအင်အားစုတို့ တိုက်ပွဲကြောင့် တွန်းဇံမြို့ပေါ်နှင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် စစ်ကိုင်းတိုင်း ကလေးမြို့၊ အိန္ဒိယ-မြန်မာနယ်စပ် နှင့် တောတောင်များတွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။
စစ်ဘေးရှောင်ကာလအတွင်း ဆေး၀ါးပြတ်လပ်မှုကြောင့် ပြည်သူနှစ်ဦး အသက်ဆုံးရှူံးခဲ့ရသည်ဟု တွန်းဇံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။
လက်ရှိ တွန်းဇံမြို့တွင်းနေထိုင်သူပြည်သူများသည် တိုက်ပွဲမဖြစ်ပွားခင်ကာလတွင် ကျန်ရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းဝယ်စားသုံးနေကြရကာ ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေသည်ဟု တွန်းဇံမြို့ခံ အမျိုးသမီးက ဆက်ပြောသည်။
“အခုက ထွက်သွားတုန်းက ကျန်ခဲ့တာတွေ ရှိတာလေးတွေပဲ စားနေရတာ၊အကုန်လုံးဈေးတက်သွားတာ ဆိုင်က လေးဆိုင်လောက်ဖွင့်ပေမယ့် ဆန်က တဆိုင်ပဲရောင်းတာ၊ဧရာမင်း တအိတ် နှစ်သိန်း၊ဓာတ်ဆီ တဂါလံ ၄၂၀၀၀ ပေးရတယ် အိန္ဒိယဖက်ကနေမလာရင်တော့ တော်တော်ဒုက္ခရောက်မှာ” ဟု ပြောသည်။
တွန်းဇံမြို့နှင့် ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၅ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၃ ရက်တွင် တွန်းဇံမြို့ကို အလုံးစုံ သိမ်းပိုက်ခဲ့သည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် ပေါင် (၅၀၀) ဗုံးအပါအဝင် ဗုံးအလုံးရေ (၁၀၀) ကျော်ခန့်ကြဲခဲ့သောကြောင့် အစိုးရရုံး အဆောက်အဦးအပါအဝင် ပြည်သူများနေအိမ် (၇) အိမ်၊ မီးလောင်ပြာကျသည့် နေအိမ် (၁၃) အိမ် ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွန်းဇံမြို့ပေါ်တွင် CNF/CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်တို့က ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်ပေးထားသည့်အပြင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည် CNF/CNA နှင့် CDF-Tonzan တို့က တွန်းဇံမြို့အတွင်းတွင် အခြေချထိန်းချုပ်ထားသည်ဟု သိရသည်။
တွန်းဇံမြို့နယ်တွင် ပြည်သူ ၇၃၀၀ ကျော်နှင့် ကျေးလက်တွင် ၂၈၆၀၀ ကျော်နေထိုင်ကြောင်း ၂၀၁၉ ခုနှစ် တွန်းဇံမြို့နယ်ထွေအုပ်ရုံး၏ အချက်အလက်များအရ သိရသည်။