(006SV)
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ စစ်ကောင်စီခြေလျင်တပ်ရင်းကို စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့လာသော စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
တမူးမြို့နယ်၊ အောင်ဇေယျ စစ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်သည်။
စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သော ထောက်ပို့ယာဉ်ကို အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး၏ ရုပ်အလောင်းများကိုပါ ရရှိခဲ့ပြီး အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။
ပစ္စတို (၂) လက်၊ စက်သေနတ် (၃) လက်၊ လက်နက်ငယ် (၇) လက်၊ RPG ဗုံးသီး (၁၂) လုံး၊ ၇.၆၂ ကျည် (၄၇၀၀) တောင့်၊ ၅.၅၆ ကျည် (၁၁, ၉၀၀) တောင့်၊ ကာဘိုင်ကျည် (၉၈၀) တောင့်၊ သုံးမျိုးကျည် (၁၇၀) တောင့်တို့ကို သိမ်းဆည်းရမိကြောင်း PDF စစ်ရုံးချုပ်က သိရသည်။