• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တမူးဒေသ စစ်ရှောင်များအတွက် အကူအညီပေးရန် ခက်ခဲနေ

တမူးဒေသ စစ်ရှောင်များအတွက် အကူအညီပေးရန် ခက်ခဲနေ

0
By Editor on August 3, 2023 Headline

(07SN)

တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အခြေခံအစားအသောက် ထောက်ပံ့ပေးနိုင်ရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး ခါမ်းပါတ်-တမူးလမ်းလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်များအတွက် လိုအပ်သည်များကို ကူညီမှုမပေးနိုင်သေးဟု ကူကီးချင်းအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဆရာမဘွေနူးက ပြောသည်။ 

၎င်းက “လောလောဆယ် ကျမတို့ ကူညီပေးချင်နေတာတောင် ဘယ်လို ကူညီရမလဲ မသိဘူး။ ကူညီမယ့် ပစ္စည်းတွေ ဘယ်လို ပို့ရမလဲဆိုတာ လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ တောတောင်မှာ ရှိတဲ့သူတွေနဲ့လည်း အဆက်အသွယ် မရဘူး” ဟု လက်ရှိအခြေအနေကို ပြောသည်။ 

တောတောင်ထဲ စစ်ရှောင်နေရသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်သည့်အတွက် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး အပါအဝင် အကိုက်အခဲပျောက်ဆေး၊ နှာစီး၊ ချောင်းဆိုး ပျောက်ဆေးစသည့် ဆေးဝါးများအပြင် မိုးကာများလည်း လိုအပ်နေနိုင်သည်ဟု ကူညီနေသူများက ခန့်မှန်းကြသည်။ 

လမ်းကြောင်းများ ပိတ်ဆို့နေမှုကြောင့် အခြေခံစားသောက်ကုန် ထောက်ပံ့ရန် လတ်တလောတွင် ခက်ခဲနေသလို လမ်းကြောင်းပြန်ဖွင့်ခဲ့လျှင်တောင် တမူးမြို့အတွင်း ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေကြောင်း ဆရာမဘွေနူးက ဆိုသည်။ 

“ကျမတို့ တမူးဘက်မှာလည်း ပစ္စည်းတွေ ပြတ်နေပြီ။ ဝယ်လို့ မရတော့ဘူး၊ လမ်းကြောင်းဖွင့်လို့ ကူညီရမယ် ဆိုရင်တောင် လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်မှာ သွားဝယ်ရမလဲ မသိဘူး။ အဲသလို ခက်ခဲတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် နီးစပ်ရာ တောတောင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကလေးမြို့နယ်အတွင်းရှိ Hmuntha, Changelzawl, Letpanchaung နှင့် ကလေးမြို့ပေါ် တာဟန်း ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်။ 

၎င်းအနက် အယောက် ၇၀၀ ကျော်သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာ အနီးတဝိုက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သတင်းမီဒီယာတချို့တွင် ဖော်ပြထားသည်။ 

ပြန်မောင်းထုတ်ခံရသော စစ်ဘေးရှောင်များသည် တမူးမြို့နယ်ရှိ ကျေးရွာများတွင် ခိုလှုံနေကြရသည်။ 

စစ်ဘေးရှောင်အရေး ကူညီနေသူ တမူးမြို့ခံတစ်ဦးက “တိုက်ပွဲဖြစ်တဲ့အခါ ပြည်သူတွေက အိန္ဒိယ၊ မဏိပူရ်ဘက်ကို ထွက်ပြေးလာကြတာ ရှိတယ်။ အဲဒီမှာလည်း အိန္ဒိယကလည်း စစ်ဘေးရှောင်တွေကို ပြန်မောင်းထုတ်တာတွေရှိတော့ အပြည့်အဝ မကူညီနိုင်သေးဘူး။ အိန္ဒိယ-မြန်မာနယ်စပ်က တောထဲပြေးနေသူတွေလည်းရှိတယ်၊ အခြေခံစားသောက်ကုန်တွေ ဘာမှသွားပို့လို့မရဘူးဖြစ်နေတယ်” ဟု လတ်တလော သူကြုံတွေ့နေရသည်ကို ပြောသည်။ 

လက်ရှိတွင် တမူးဘက်ခြမ်း ရောက်ရှိနေသော ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ဆေးဝါးများလည်း လိုအပ်လျက်ရှိနေသည်။ 

ဆရာမဘွေနူးက “ကာကွယ်ဆေးတွေကတော့ မရှိဘူး။ အဓိက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးတွေ၊ ပြီးတော့ ကာကွယ်ဆေးထိုးရမယ့် ကလေးငယ်လေးတွေဆိုလည်း အိန္ဒိယ ဘက်မှာရှိတဲ့ Premiere Hospital Center (PHC) ဆိုတာ ရှိတယ်။ အဲဒီမှာ အခမဲ့ ကုသလို့ရတယ်။ အခုက အိန္ဒိယအခြေအနေကလည်း မကောင်းတော့ ဆေးခန်းတွေကလည်း အမြဲ မဖွင့်တော့ဘူး။ နောက်ပြီးတော့ ဆေးလာကု မယ်ဆိုရင်တောင်မှ ခိုလှုံနေတဲ့ ကျေးရွာကနေ အိန္ဒိယဘက်မှာ ရှိတဲ့ PHC ဆေးခန်းကို လာဖို့ အဆင်မပြေတာတွေ များတယ်။ ဒါကြောင့် အခုဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေက ဘာဆေးခန်းမှ မရှိဘဲ ကလေးမွေးနေရတဲ့ အခြေအနေတွေ ရှိတယ်” ဟု ပြောသည်။ 

ကလေးမြို့နယ်အတွင်း စစ်ရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူအများစုကို ၎င်းတို့ သက်ဆိုင်ရာ လူမျိုးအချင်းချင်းနှင့် ဘာသာရေးအဖွဲ့အစည်းများကသာ ကူညီပေးနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

ဒေသခံအများစုမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဇူလိုင် ၂၂ ရက်နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ငွေကြေးမတတ်နိုင်သူများ၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူအချို့မှာ မရွေ့ပြောင်းနိုင်ဘဲ မြို့တွင် ကျန်ရှိနေသေးသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.