(002MG)
တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီး တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ မီးတင်ရှို့မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ပြည်သူများနှင့် စစ်ဘေးရှောင်ရာမြို့များတွင် ကလေးငယ်များအား ကျောင်းထားကြသည့် မိသားစုများမှအပ ကျန်ပြည်သူများအားလုံးမှာ တီးတိန်မြို့ပေါ်သို့ ဇူလိုင်လကုန်ပိုင်းကစ၍ ပြန်လည်နေထိုင်ကြပြီဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။
“အများစုတော့ ပြန်ဝင်ကြပြီ၊ အကြမ်းဖျင်းပြောရရင် အိမ်မီးလောင်တဲ့သူတွေနဲ့ ကလေးတွေကျောင်းထားတဲ့ မိသားစုဝင်တွေက မပြန်သေးဘူး။ ဆေးရုံလည်း ဩဂုတ်လ (၁) ရက်နေ့က ဖွင့်ပြီ လူနာလည်း တော်တော်များများလက်ခံပြီ” ဟု တီးတိန်မြို့ခံကပြောသည်။
ယခုအခါ တီးတိန်မြို့ပေါ်တွင် ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်း၊ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများလည်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း အစိုးရရုံးများလည်း တိတ်တဆိတ်ဖွင့်နေကြပြီဟု သိရသည်။
ပြည်သူ့ဆေးရုံတွင် Non-CDM လက်ထောက်ဆရာဝန်နှစ်ယောက်က လူနာများကို ကြည့်ရှုပေးနေသည်ဟု သိရသည်။
“မြို့ထဲမှာ လူများပြီ၊ အေးဆေးပါပဲ၊ စကစတွေက သူတို့တပ်စွဲတဲ့စခန်းမှာပဲနေကြတယ်၊ အပြင်ထွက်တာသိပ်မတွေ့ဘူး၊ တချို့ကတော့ ကလေးကနေလာလိုက်၊ ပြီးရင် ပြန်ဆင်းလိုက်ပါပဲ” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။
အန္ဒိယ-မြန်မာ နယ်စပ် ကလေး-ရိ ကုန်သွယ်ရေးလမ်းမပေါ်တွင်တည်ရှိသော တီးတိန်မြို့ကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF-Zoland နှင့် CNDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်ထားသော စခန်း ၂ ခုကို သိမ်းပိုက်ခဲ့ကြသည်။
သို့သော်လည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်က တီးတိန်မြို့ မြို့မရပ်ကွက် နာရီစင်နားက အရပ်သားနေအိမ်များကို မေလ ၂၇ ရက်ညနေပိုင်းမှာ ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ပြီး တိုက်တာအဆောက်အဦးကောင်းများအပါအဝင် လူနေအိမ်ခြေ ၃၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။
PDF-Zoland နှင့် CNDF တပ်ဖွဲ့များကလည်း ချင်းညီနောင်စစ်ဆင်ရေးကို ဆက်လက်မဖော်ဆောင်ကြတော့ပဲ စစ်ဆင်ရေးရပ်တန့်ကာ တီးတိန်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ပေ။
ထို့ကြောင့် ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ နယ်မြေတည်ငြိမ်လာပြီဖြစ်သော တီးတိန်မြို့ပေါ်တွင် ဒေသခံပြည်သူများသည် နှစ်လ နီးပါးခန့် စစ်ဘေးတိမ်းရှောင်ကြရာမှာ မိမိနေရပ်သို့ အသီးသီး ပြန်လည်နေထိုင်ကြပြီဟု သိရသည်။